
တိုက်ကြီးမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စု၊ မီးသွေးကျင်းကျေးရွာမှာ ဇွန်လ ၅ ရက် ညနေပိုင်း က အသက် ၁၂ နှစ်အရွယ် ၂ တန်းကျောင်းသူလေးတယောက် မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သူဟာ ကွဲကွာနေတဲ့ မိဘတွေက ထားခဲ့လို့ အသက် ၉ နှစ် အရွယ် မောင်ဖြစ်သူနဲ့အတူ နာတာရှည်ရောဂါသည် အဘိုး အဘွား အိမ်မှာ နေရတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“မိဘတွေက ကွဲနေတာ ၅ နှစ်လောက်ရှိပြီ။ ကလေးနှစ်ယောက်ကို ဘယ်သူမှ တာဝန်မယူဘူး။ အဘိုး အဘွားတွေအိမ်မှာ ထားခဲ့တာ။ အိမ်အလုပ်တွေ ၈ နှစ်အရွယ်ကတည်းက လုပ်နေရတော့ စိတ်ဒဏ်ရာရပြီး နွားတင်းကုပ်ထဲမှာ ဆွဲကြိုးချသေသွားတာ” လို့ ပြောပါတယ်။
မမေဇင်ဦး သေဆုံးတာနဲ့ပတ်သတ်ပြီး ရဲတွေက အိုင်ကလောင်တိုက်နယ်ဆေးရုံမှာ စစ်ဆေးပြီး ဇွန် ၈ ရက်မှာ ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာမှာ နေထိုင်တဲ့ ၅ တန်းအရွယ် မိန်းကလေးငယ်တယောက် ဇွန် ၆ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သေးသလို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း ပဲခူးမြို့ ဥဿာမြို့သစ် ၉ ရပ်ကွက်၊ ပွဲစားကြီးကုန်းကွက်သစ်လမ်းမှာ ဆင်းရဲနွမ်းပါးပြီး မိဘဖြစ်သူနဲ့ ဈေးကူရောင်းနေတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တယောက် ဆွဲကြိုးချပြီး အဆုံးစီရင်ခဲ့ပါတယ်။