
အစ္စရေးစစ်တပ်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေ အစ္စရေးကို ဝင်တိုက်ခိုက်ပြီးချိန်ကတည်းက ဓားစာခံအဖြစ် ဂါဇာကို ခေါ်ဆောင်ခံခဲ့ရတဲ့ ထိုင်းလူမျိုး ဓားစာခံ နတ်တာပွန် ပင်တာရဲ့ ရုပ်အလောင်းကို ပြန်ရရှိခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်က ဇွန်လ ၇ ရက်နေ့မှာ ပြောပါတယ်။
ပင်တာရဲ့ ရုပ်အလောင်းကို မူဂျာဟစ်ဒင် တပ်မဟာလို့ ခေါ်တဲ့ ပါလက်စတိုင်းအဖွဲ့က သိမ်းဆည်းထားပြီး ဂါဇာတောင်ပိုင်း ရာဖှာဒေသကနေ ပြန်ယူခဲ့တယ်လို့ ကတ်ဇ် က ပြောပါတယ်။ ထိုင်းနိုင်ငံက သူ့မိသားစုကိုလည်း အကြောင်းကြားထားပါတယ်။
စိုက်ပျိုးရေးလုပ်သား ပင်တာ ကို နယ်စပ်အနီး ကစ်ဘွတ်ထ်ဇ် နီးရ်အောဇ် စိုက်ပျိုးရေးရွာလေးကနေ ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပြီး ၂၀၂၃ တိုက်ခိုက်မှုအတွင်း အဲဒီရွာက လူ ၄ ယောက်မှာ ၁ ယောက်နှုန်း သေဆုံး သို့မဟုတ် ဂါဇာကို ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ရွာလည်း ဖြစ်ပါတယ်။
ပင်တာ ကို အသက်ရှင်လျက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး သူ့ကို ဖမ်းခေါ်သွားသူတွေကပဲ သတ်ဖြတ်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
သူ့အလောင်းကို အခုသီတင်းပတ်အတွင်းမှာ အစ္စရေး-အမေရိကန် ဓားစာခံ ၂ ယောက်ရဲ့ ရုပ်အလောင်းတွေနဲ့အတူ ပြန်ယူဆောင်ခဲ့တာလို့လည်း ဆိုပြီး မူဂျာဟစ်ဒင် တပ်မဟာကတော့ ချက်ချင်း မှတ်ချက်ပေးတာ မရှိပါဘူး။
ဟားမတ်စ် ဦးဆောင်တဲ့အဖွဲ့တွေဟာ အစ္စရေးရဲ့ လူအသေအပျောက် အများဆုံးနေ့ဖြစ်တဲ့ ၂၀၂၃ ခုနှစ် တိုက်ခိုက်မှုအတွင်း အစ္စရေးလူမျိုး ၁၂၀၀ ကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၅၁ ယောက်ကို ဖမ်းဆီးသွားတာပါ။
သူတို့ထဲက ဓားစာခံ ၅၅ ယောက် ဂါဇာမှာ ကျန်ရှိနေသေးပြီး ဓားစာခံ အယောက် ၂၀ အသက်ရှင်နေသေးတယ်လို့ အစ္စရေး အာဏာပိုင်တွေက ယုံကြည်နေပါတယ်။
Source: Reuters