DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီက စီမံချက်ဖြင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီး
DVB
·
June 7, 2025
မန္တလေးမြို့ အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီက စီမံချက်ဖြင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီး
Donate to DVB

မန္တလေးမြို့ ပတ်ခြာလည်အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရေးစီမံချက်ကို အကောင်အထည်ဖော်လာတာကြောင့် ပြည်သူတွေအခက်အခဲတွေ့နေပါတယ်။

ဇွန်လဆန်းကစပြီး မန္တလေးမြို့ပေါ်ကနေ စစ်ကိုင်းတိုင်း မုံရွာဘက်၊ ပြင်ဦးလွင်ဘက်၊ တောင်ကြီးဘက်နဲ့ ရန်ကုန်ဘက်အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီက စီမံချက်နဲ့ လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးဖမ်းဆီးနေတာပါ။ 

မသင်္ကာတဲ့ ကုန်ပစ္စည်းတွေနဲ့ လူတွေကိုလည်း ဖမ်းဆီးနေပြီး ငွေကြေးတောင်းခံတာတွေလည်း ရှိနေတာကြောင့် မဖြစ်မနေ ခရီးသွားရတဲ့ပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မေ ၂၀ ရက်နေ့မှာ လိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးဖို့ စစ်ကောင်စီက ကြေညာခဲ့ပြီး ဇွန်လဆန်းမှာ စတင်အကောင်အထည်ဖော်လာတာပါ။

မတ္တရာ PDF တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးတိုး က “မန္တလေးအရှေ့ဘက် ပုသိမ်ကြီး၊ အုန်းချောတံတားထိပ်၊ ပြီးတဲ့အခါကြတော့ ကျောက်မီးရွာ လမ်းလယ်ဘုရားတံတား၊ ပြီးရင် ထုံးဘို အကျဉ်းဦးစီးနားလေးက ရေတံခါးခေါ်တာပေါ့ အဲ့ဒီထိပ်၊ ပြီးတဲ့အခါကြတော့ ပြင်ဦးလွင်ဘက်ကလာရင် မန္တလေးမြို့အဝင် အောင်ပင်လယ်ရဲစခန်းနဲ့ ဘိုးဘိုးကြီးနတ်နန်းကြား၊ အဲ့ဒီနေရာတွေမှာ ယာဉ်ဖမ်းတဲ့ကိစ္စတွေဟာ တော်တော်လေးကို ဆိုးဆိုးရွားရွားဖြစ်နေတယ်။ နောက် မန္တလေးမြို့ပေါ် ၈၁-၃၈ ၊ ပြီးရင် မနော်ဟရီ၊ တွတ်ပီကွေ့- စက်မှု-၁ ထိပ် အဲ့ဒီဘက်တွေမှာ ဆိုင်ကယ်အဖမ်းတွေ တအားတွေကြမ်းနေတယ်၊ မော်တော်ပီကယ်တွေနဲ့ လုံ-ကြမ်းဆိုတဲ့ ဟာတွေပေါ့။ များနေတယ် မန္တလေးတမြို့နယ်လုံး။ ဇွန် ၂ ရက်နေ့လောက်ကနေစပြီးတော့ စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ များလာတယ်။ ငွေညှစ်မှုတွေလည်းများတယ်။ နယ်မြေစိုးမိုးရေးအရ တရားမဝင်ကုန်ပစ္စည်း၊ လိုင်စင်မဲ့ယာဉ် ဒါတွေကို လုံခြုံရေးအရ စစ်ဆေးတယ်၊ ဖမ်းဆီးတယ်ပေါ့နော်။ မင်းအောင်လှိုင်ရဲ့ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုဆိုတဲ့ကိစ္စ မေလ ၂၀ ရက်နေ့ဆိုတာကတော့ ကျနော်တို့သိတာပေါ့။ အဲ့ဒီကနေစလိုက်တဲ့ကိစ္စက အခုဒီဇွန်လထဲမှာလာပြီးတော့ ရုပ်လုံးပေါ်တယ်။ မန္တလေးဒေသအပြင် တောင်ကြီးဘက်မှာလည်း ဖမ်းတယ်ကြားတယ်၊ တာချီလိတ်ဘက်၊ နေပြည်တော်ဘက်လည်းဖမ်းတယ်ကြားတယ်။ ဝမ်းတွင်း၊ မိတ္ထီလာ အဲ့ဒီဘက်တွေလည်းကြားတယ်ပေါ့လေ၊ သေချာတာက မန္တလေးတဝိုက်က ကျနော်က မေးမြန်းထားတာဆိုတော့ ပိုပြီးသေချာတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်းနဲ့ကပ်လျပ် စစ်ကိုင်းတိုင်းထဲက ပြည်သူတွေဟာ အရေးပေါ်ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေရဖို့ မန္တလေးမြို့နဲ့ မုံရွာမြို့တို့က ကုန်စည်ဒိုင်တွေကို အားကိုးနေရတာဖြစ်ပြီး စစ်ကောင်စီက မထင်ရင်မထင်သလို ဖမ်းဆီးသိမ်းယူနေတာပါ။ 

စစ်ကိုင်းဒေသခံ အမျိုးသမီးတယောက်က “မန္တလေးကနေပြီးတော့ ဆေးဆိုင်လေ၊ ထိုးဆေးရော စားဆေးရော သိန်း ၂၀ ဖိုးချယူလိုက်တာ မန္တလေး ၈၄ လမ်းက။ ဒီဟာတွေလိုချင်လို့ရှိရင် ချောင်းဦးဆေးရုံက ဆရာဝန်ကြီးလက်မှတ်နဲ့ ထောက်ခံစာနဲ့ တံဆိပ်တုံးယူခဲ့လို့ခိုင်းတာ၊ လူလည်းလာခဲ့လို့ ခိုင်းတာ။ မသွားရဲတော့ဘူးလေ။ ကလေးတွေမှာ အခုမှ ဆေးဆိုင်ထောင်မှာ သွားရော။ ရှိတဲ့လူက သိန်း ၂၀ ဘာမှမဖြစ်ဘူးလေ၊ မရှိတဲ့လူက နင့်ရော။ ဘာဆေးတွေနဲ့ကုရတုန်းဆိုတော့ ခက်ခဲတာပေါ့။ ကျမ အမကြီးဆိုလို့ရှိရင် ၂ လလောက်ဆေးပြတ်လို့ သေသွားရှာတာပဲ နှလုံးသမားဆိုတော့။ သူ့နှလုံးဆေးက ဝယ်လို့မရဘူးလေ။ မန္တလေးမှာ ဒေါက်တာမကြီးဆီသွားပြတာ၊ ဒီဆေး ဒီဆေးဝယ်သောက်တော့ မလာခဲ့နဲ့တော့ဆိုတော့ ဆေးက ၂ လလောက်ပြတ်တော့ အမကြီးမှာ မခံနိုင်ဘူးလေ သေသွားရှာတာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရေးစီမံချက်ဟာ PDF တွေသွားလာရေးလမ်းကြောင်းနဲ့ သူတို့ကို တိုက်ခိုက်လာမယ့်လမ်းကြောင်းတွေကို ထိန်းချုပ်ချင်တာကြောင့်ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။ 

မြို့ပြပျောက်ကျားအဖွဲ့တွေရဲ့ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနေတာကို ကာကွယ်ဖို့အပြင် ခရီးသွားပြည်သူတွေဆီက ငွေကြေးတောင်းခံဖို့အကြောင်းပြချက်ပေးတာလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ 

 သုတချမ်းသာ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013