
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ မိန်းကလေးငယ်တယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ သံသယတရားခံ ၈ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲတင် ပြစ်ဒဏ်ပေးနိုင်ဖို့ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဇွန် ၅ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ပါတယ်။
မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ မေ ၆ ရက်က အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် တယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာဖြစ်ပြီး အဲဒီရာဇဝတ်မှုဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူ ၈ ယောက်ကို ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) က ဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ နဲ့ တရားစွဲတင် ပြစ်ဒဏ်ပေးနိုင်ရေးအတွက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို DLEPS တပ်ဖွဲ့က ဖမ်းဆီးရမိနိုင်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြတဲ့ သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုတွေကိုလည်း အထူးပင် ကျေးဇူးတင် ဂုဏ်ပြုအပ်တယ်လို့လည်း ဆိုထားပါတယ်။
မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာရှိ ရွာပြင်တနေရာမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး သူ့ရဲ့ရုပ်အလောင်းကို အပင်တပင်မှာ လည်ပင်းကြိုးစွပ်ပြီး တွဲလောင်းထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ သက်ငယ်မုဒိမ်းမှုနဲ့ လူသတ်မှုမှာ ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်လျှော့ လွတ်ငြိမ်းခွင့်မပေးဘဲ ဥပဒေအောက်မှာ အကြီးမားဆုံးပြစ်ဒဏ် ချမှတ်ပေးဖို့ကိုလည်း ရခိုင်ပြည်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၁၂ ခုက မေ ၁၁ ရက်မှာ ပူးတွဲထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။