
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ ပုလော PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဧပြီ ၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၆၀ ဝန်းကျင်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ပုလော PDF ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခွဲဝန်းကျင်လောက် ဖြစ်တယ်။ ပစ်ခတ်မှုအချိန်အတွင်း သူတို့ဘက်က ကင်းထောက်လေယာဥ် ဝဲတယ်။ ဒရုန်းနဲ့ရော လက်နက်ကြီးနဲ့ပါ ပစ်ကူပေးတယ်။ သူတို့ဘက်က လက်လုပ်ဗုံးတွေ၊ အီနာဂါဗုံးတွေကို ဒရုန်းတွေမှာ သုံးလာတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးပြီး ၁၀ ယောက်ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီဘက်က တိုက်ခိုက်ခံရပြီးတဲ့နောက် လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူနဲ့ ပါဒစက်တော်ရာ ရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။