
အစ္စလာမ်ဘာသာဝင်တွေရဲ့ အီးဒ်နေ့ဖြစ်တဲ့ ဇွန် ၇ ရက်မှာ မန္တလေး အိုးဘိုထောင်တွင်း ဝတ်ပြုခွင့်မပေးဘူးလို့ အကျဉ်းကျနေတဲ့ အကျဉ်းသားမိသားစုအသိုက်အဝန်းကနေ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသား မိဘတယောက်က “အဓိကက ထောင်အနေနဲ့ လုံခြုံရေးမပေးနိုင်လို့ စုပေါင်းဝတ်ပြုဆုတောင်းတာ ခွင့်မပြုနိုင်ဘူးလို့ ပြောတာပဲ။ ကျမက သားဝတ်ပြုဖို့အတွက် အဝတ်အစားတွေ ယူသွားတာ အဲဒါလည်း သွင်းလို့မရခဲ့ပါဘူး” လို့ ပြောပါတယ်။
မတ် ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ချိန်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ဆောက် တည်နေတဲ့ရက်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့အဆောင်ကို ထောင်အာဏာပိုင်တွေက သော့ပိတ်ပြီးထားခဲ့တာကြောင့် အကျဉ်းသားတွေ သေဆုံးခဲ့ကြရတယ်လို့လည်း အကျဥ်းထောင်နဲ့နီးစပ်သူ အမျိုးသမီးတယောက်က ပြောပါတယ်။
“ငလျင်လှုပ်တဲ့နေ့က အစ္စလာမ်ဘာသာဝင်တွေက ဥပုသ်တွေနဲ့ ၀တ်ပြုနေကြတဲ့အချိန်ကြီးကို ဝန်ထမ်းက အရက်မူးနေတာ၊ သူတို့အခန်း သော့ပိတ်ပြီး သူက အဆောင်အပြင်ပြေးထွက်သွားတာ၊ ငလျင်လှုပ်ချိန်မှာ အထဲကလူတွေက အဆောင်ထဲကနေ ပြေးမရ ဖြစ်ပြီး ဝိုင်းအော်ကြတာပေါ့၊ ကံကောင်းတာက အဆောင်မပြိုလို့ပေါ့၊ အဲဒီနေ့ကပဲ ငလျင်နည်းနည်းငြိမ်တော့မှ ထောင်ပိုင်နဲ့ ဝန်ထမ်းတွေ တုတ်တွေ၊ ကျင်စက်တွေနဲ့ အဆောင်ကိုလာဖွင့်ပြီး ရိုက်ဖို့လုပ်တာမှာ နှစ်ဖက် စကားများ ရန်ဖြစ်ကြတာပေါ့။ နောက်တော့ ထောင်၀ါဒါဘက်က မှားတာကိုလည်း ထောင်ပိုင်က သိသွားပြီး ဆက်မရိုက်တော့ဘဲ အဲဒီအထဲက ဦးဆောင်သူလို့ သတ်မှတ်ထားတဲ့ အစ္စလာမ်ဘာသာ၀င် အကျဉ်းသားတွေကို တိုက်ထဲထည့်ထားတယ်။ အခု ရောက်တော့မယ့် အီးဒ်နေ့ ဘုရား၀တ်ပြုခွင့်လည်း ပိတ်ထားတယ်။ ဝိုင်းတောင်းဆိုကြပေမဲ့ ခွင့်မပြုဘူးတဲ့။ လုံခြုံရေးကြောင့်လို့လည်း ပြောတယ်။ တကယ်က သူတို့အမှားကြောင့် ဖြစ်ခဲ့တဲ့ကိစ္စကို အငြိုးအတေးထားတာပေါ့နော်။”
မန္တလေး၊ အိုးဘိုထောင်မှာ မတ် ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးနောက် ထောင်တွင်း သေဆုံးခဲ့တဲ့ အကျဉ်းသား ၃၀ လောက် အထိ ရှိတယ်လို့ သတင်းဌာနတချို့က ဖော်ပြနေခဲ့ပေမဲ့ တကယ်သေဆုံးခဲ့တဲ့ အရေအတွက်ကို ဒီနေ့ထိ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးဘဲ လူနည်းစု အစ္စလာမ် ဘာသာ၀င်တွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေကိုပါ ခုလို ပိတ်ပင်တားဆီးလာတာကို တွေ့ရပါတယ်။