
တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကြောင့် အိန္ဒိယကနေ နွားတင်သွင်းမှုကျဆင်းလာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျွဲနွား မွေးမြူရေးသမားတွေဟာ အမဲသားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အရှိန်မြှင့် ဆောင်ရွက်နေရပါတယ်။
အခုနှစ် အိဒ်ပွဲတော်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နွားအကောင်ရေ ၁၀ သန်းကျော် လိုမှာပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နှစ်စဉ် အမဲသား တန်ချိန် ၇ ဒသမ ၆ သန်းလောက် လိုနေတယ်လို့ မွေးမြူရေးဌာနက ပြောပါတယ်။
အိဒ်ပွဲတော်မှာ ဘာသာရေးဆိုင်ရာ ပူဇော်တဲ့ ဓလေ့တွေ ပါလို့ ပုံမှန်အားဖြင့် နှစ်စဉ် ကျွဲနွား ဝယ်လိုအား သိသိသာသာ တိုးလာလေ့ ရှိပါတယ်။
အိန္ဒိယနွားတွေဟာ တချိန်က ဝယ်လိုအားရဲ့ သိသာတဲ့ ဝေစုကို ဖြည့်ဆည်းပေးခဲ့ပေမဲ့ ကုန်သွယ်ရေး ကန့်သတ်ချက်တွေကြောင့် နိုင်ငံခြားနွားတင်သွင်းမှု သိသိသာသာ ကျဆင်းသွားပါတယ်။
ဒါကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ ပေါ်ထွန်းလာခဲ့တာပါ။ တရားဝင်ခန့်မှန်းချက်တွေအရ အခုနှစ် အိဒ် စျေးကွက်အတွက် ပြည်တွင်းနွား ၁၂ သန်းကျော်ကို ပြင်ဆင်ထား ပြီးပြီလို့ ရိုက်တာ သတင်းဌာနကဖော်ပြပါတယ်။
ဒါကာမြို့တော်က အကြီးဆုံးကျွဲနွားစျေးကွက်ဖြစ်တဲ့ ဂက်ဘ်တိုလီမှာ အိန္ဒိယကနေ သွင်းလာတဲ့ နွားထီးတွေကို မမြင်ရသလောက်ဖြစ်နေပြီး ဒါဟာ အိဒ်ပွဲတော် အားလပ်ရက် မတိုင်မီဝယ်လိုအားမြင့်နေတာကို ဖြည့်ဆည်းပေးချိန်မှာ အစောပိုင်းနှစ်တွေကထက် သိသာတဲ့ အပြောင်းအလဲတရပ် ဖြစ်လာပါတယ်။
ဂက်ဘ်တိုလီစျေးက ငှားရမ်းသူ ရှားအလမ်ဆာဂျူးက"ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ နွားဈေးကို သွားကြည့်မယ်ဆိုရင် ဒေသထွက်နွားတွေကိုပဲ တွေ့ရမှာပါ၊ အိန္ဒိယနွားတွေ မရှိသလောက် ဖြစ်သွားပြီ။ အခု အမဲသား ဖူလုံသွားပြီ"လို့ ပြောပါတယ်။
Source:Reuters