
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အာသံပြည်နယ်မှာ ရေလွှမ်းမိုးမှုကြောင့် လယ်မြေတွေနဲ့ ကျေးရွာပေါင်း အမြောက်အမြား ရေမြုပ်ကုန်ကြပြီး သောက်သုံးရေနဲ့ အစားအသောက် ရရှိဖို့ အခက်အခဲတွေ ကြုံနေရကြောင်း ရေဘေးသင့်ရွာသားတွေက ပြောပါတယ်။
ဇွန်လ ၄ ရက်က ရေကြီးရေလျှံမှုကြောင့် ရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဲဒီဒေသရှိ ဦးချိုတချောင်းနဲ့ ကြံ့တွေကိုလည်း ထိခိုက်ခဲ့ပါတယ်။
အာသံပြည်နယ်မှာ မိုရီဂွန်ခရိုင်က ရေဘေး အဆိုးရွားဆုံး ထိခိုက်ခံစားရပြီး အိမ်ခြေ ၄၀ ကနေ ၄၅ အိမ်လောက် ရေနစ်သွားကြောင်းနဲ့ အဲဒီမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း အများအပြားရှိနေပြီး အိမ်တွေ လယ်တွေ ရေမြုပ်ကုန်တာကြောင့် သူတို့အတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ရဖို့က အရမ်းခက်ခဲပါတယ် လို့ ရွာသား ဂျက်ဘားအလီ က ပြောပါတယ်။
တချို့နယ်မြေတွေမှာတော့ ရေတွေပြန်ကျပြီး အခြေအနေ ပြန်ကောင်းလာတာကြောင့် နေရပ်ပြန်ကြသူတွေ ရှိနေကြောင်း အာသံပြည်နယ် အကြီးအကဲ ဟိမန်တာ ဘစ်ဆွာ ဆာမာက ပြောကြားလိုက်ပြီး ဒါဟာယာယီသာ အခြေအနေကောင်းတာ ဖြစ်ကြောင်းလည်း သတိပေး ပြောဆိုခဲ့ပါတယ်။
အာသံပြည်နယ်မှာ နှစ်စဉ်မိုးရာသီအတွင်း အနည်းဆုံး ရေကြီးမှု လှိုင်း ၃ ကြိမ် ကြုံရလေ့ရှိပြီး အခုက ရေကြီးမှုရဲ့ ပထမလှိုင်းဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ ရေကြီးမှုအခြေအနေကို လုံးဝ ပြီးစီးသွားပြီလို့ မသတ်မှတ်နိုင်သေးဘူး လို့လည်း အာသံအကြီးအကဲ ဟိမန်တာ ဘစ်ဆွာ ဆာမာက ဆိုပါတယ်။
ရေကြီးမှုကြောင့် ပြည်နယ်ထဲက ခရိုင် ၂၁ ခုမှာ လူပေါင်း ၆ သိန်းကျော် ထိခိုက်ခဲ့ကြောင်း အာသံပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ပြောပါတယ်။
လက်ရှိမှာ ကျေးရွာပေါင်း ၁၅၀၀ ကျော် ရေနစ်မြုပ်နေပြီး ရေလွှမ်းမိုးမှုကြောင့် သီးနှံဧရိယာ ၁၄၇၃၉ ဒသမ ၃၃ ဟက်တာ ရေနစ်မြုပ်ခဲ့ကြောင်း ANI သတင်းဌာနမှ သိရပါတယ်။
မိုးသည်းစွာရွာသွန်းမှုကြောင့် ပိုဘီတိုရာ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောမှာလည်း ရေလွှမ်းမိုးခဲ့ပြီး အကြမ်းဖျင်းအားဖြင့် မှောင်ခိုနှိမ်နင်းရေးစခန်း ၁၀ ခုလောက် ရေအောက် မြုပ်သွားခဲ့ကြောင်း
ဘေးမဲ့တော ရိန်းဂျားအဖွဲ့ ပရံန်ဂျာလ် ဘာရုအာက ပြောပါတယ်။