
အိန္ဒိယနိုင်ငံမှာ အစွန်းရောက် ရာသီဥတုတွေကို သီတင်းပတ်တွေ အများကြီး ရင်ဆိုင်ခဲ့ရအပြီး သြဂုတ် ၃ ရက်မှာ မိုးသည်းလို့ အာသံပြည်နယ်တဝန်း ကျယ်ကျယ်ပြန့်ပြန့် ရေကြီးခဲ့ပါတယ်။
ရေဘေးကြောင့် လူ ၈၂ ယောက်ထက်မနည်း သေဆုံးပြီး လူ ၇၈ သိန်းလောက် ရေဘေးသင့်ခဲ့တယ်လို့ ထိပ်တန်း နိုင်ငံတကာမီဒီယာ NDTV က ထုတ်ပြန်ပါတယ်။
အဆိုးရွားဆုံး ထိခိုက်ခဲ့ရတဲ့ အာသံပြည်နယ်ထဲမှာ ခရိုင်တွေ အတော်များများ ရေအောက် ရောက်နေပြီး ချာရိုင်ဒီယိုခရိုင်မှာ ရွာသားတွေက ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်ဖို့ သူတို့အိမ်တွေဆီ ပြန်သွားခဲ့ကြပါတယ်။
လူတိုင်း အရာအားလုံးကို ဆုံးရှုံးခဲ့ရတယ်လို့ ရေဘေးသင့် ဒေသခံတယောက်က ပြောပါတယ်။
ကယ်ဆယ်ရေးနဲ့ ဘေးကင်းရာ ရွှေ့ပြောင်းရေးအတွက် ဆက်ဆောင်ရွက်နေပြီး အိုးအိမ်ဆုံးရှုံးသူတွေက ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။
အာသံပြည်နယ် ဝန်ကြီးချုပ် ဟီမန်တာ ဘစ်ဝါဆာမာက အစိုးရဟာ ပျက်စီးဆုံးရှုံးမှုအပြီးမှာ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို တိုးချဲ့သွားမယ်လို့ ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံးမြစ်တွေထဲက တစင်းဖြစ်တဲ့ ဗြဟ္မပုတ္တရမြစ်က မြစ်ဖျားခံရာ အာသံပြည်နယ်မှာ မုတ်သုံရာသီအတွင်း မြစ်ရေစီးဆင်းမှု မြင့်တက်လာလို့ ပျက်စီးဆုံးရှုံးတာတွေကို နှစ်စဉ်နီးပါး ကြုံတွေ့ရလေ့ရှိပါတယ်။
Source: Reuters










