
တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြသစ် ရော်ဘတ်တိုဒီဇာဘီက ကွင်းလယ်လူ ကိုးနားဂါလက်ဂါ အနေနဲ့ အသင်းကို တန်းမဆင်းရအောင် ကူညီပေးဖို့အတွက် သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရှာဖွေဖို့ တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီက အက်သလက်တီကိုမက်ဒရစ်ကနေ ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂါလက်ဂါဟာ စပါးအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာပါ။
ဒီဇာဘီက “ဂါလက်ဂါဟာ ချဲလ်ဆီးမှာ ခေါင်းဆောင်တဦး ဖြစ်ခဲ့ပေမဲ့ အခုတော့ အသင်းသစ်၊ ကစားဖော်အသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရပါတယ်။ ကျနော့်ရဲ့တာဝန်က သူ့ကို ချဲလ်ဆီးမှာရှိခဲ့တဲ့ ပုံစံမျိုး ပြန်ရလာအောင် ကူညီပေးဖို့ပဲ”လို့ ပြောပါတယ်။
စပါးအသင်းဟာ လက်ရှိမှာ တန်းဆင်းဇုန်ထဲ ရောက်ရှိနေပြီး တနင်္ဂနွေညမှာ ဆန်းဒါးလန်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စပါးဟာ လီဗာပူးကနေ ထွက်ခွာတော့မဲ့ အန်ဒီရောဘတ်ဆင်ကို ခေါ်ယူဖို့အတွက်လည်း ဆက်လက် ကြိုးပမ်းနေပါတယ်။










