
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာတွေကို စစ်ဘေးရှောင် ပြေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးတယောက် အပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာကြောင့် လေယာဥ် ဗုံးကြဲမှာ စိုးရိမ်နေကြရပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်နေသူတယောက်က “မေ ၃၀ ရက်နေ့ကတည်းက အင်းကြီး၊ ကော့ဝလယ်၊ အုန်းတပင်၊ ချောင်းဖျားနဲ့ ရေပူကျေးရွာတွေက ဒေသခံ ၅၀၀ ကျော်လောက် ထွက်ပြေးနေကြရတာ။ ကျုံဒိုး မြို့နယ်ထဲက စစ်ကောင်စီတပ်တွေကို KNLA PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားတာဖြစ်ပြီး လေယာဥ်ဗုံးနဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှာ စိုးရိမ်ပြီး ဘေးလွတ်ရာ ပြေးနေကြရတာ။ ကျုံဒိုး အခြေစိုက် ၅၄၅ တပ်က လက်နက်ကြီးတွေ နေ့ရောညပါ ပစ်ခတ်နေတာ”လို့ ပြောပါတယ်။
KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဒရုန်းနဲ့ ဗုံးကြဲတာ စနိုက်ပါနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီး ပစ်ခတ်သူ ၂ ယောက် သေဆုံးတဲ့အပြင် စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့၀င်တချို့ သေဆုံးမှုများတယ်လို့လည်း စစ်ရေး သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များလာတာကြောင့် စစ်တပ်က စစ်ရှောင်တွေ နေအိမ်ပြန်လာချိန်မှာ သေနတ်နဲ့ချိန်ပြီး လက်မြှောက်ခိုင်းတာတွေ အကြမ်းဖက် လုပ်ဆောင်လာတဲ့အပြင် ဖမ်းဆီး သတ်ဖြတ်တာတွေလည်း လုပ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။