DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း၊ ရုရှားဆိုင်ရာ အစ္စတန်ဘူလ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြုသဘော ရလဒ်ထွက် 
DVB
·
June 3, 2025
ယူကရိန်း၊ ရုရှားဆိုင်ရာ အစ္စတန်ဘူလ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြုသဘော ရလဒ်ထွက် 
Donate to DVB

ယူကရိန်းနဲ့ ရုရှားတို့အကြား နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တနင်္လာနေ့က အစ္စတန်ဘူလ်မှာ တူရကီရဲ့ ဖျန်ဖြေပေးမှုနဲ့ ကျင်းပခဲ့ကြပြီး တာဝန်ရှိသူတွေဟာ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှု တချို့နဲ့ အဆုံးသတ်ခဲ့ပါတယ်။ 

တံခါးပိတ်ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲဟာ အပျက်သဘောဆောင်တဲ့ အဆုံးသတ် မဟုတ်ဘူးလို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အွန်ဂျုကေဂျေလီက  အတည်ပြုခဲ့ပါတယ်။ 

ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်စ်တမ် အူမယ်ရော့ဗ်က ဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခိုင်မာတဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်လို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောကြားခဲ့ပါတယ်။ 

အူမယ်ရော့ဗ်က ဆွေးနွေးပွဲအတွင်းမှာ ယူကရိန်းဟာ သူ့ရဲ့အစီအစဉ်ကို ရုရှားဆီ တင်ပြခဲ့ပြီး၊ အဲဒီအစီအစဉ်အရ ရက်ပေါင်း ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို အဆိုပြုထားပြီး အကျဉ်းသားတွေ လွှတ်ပေးရေး၊ စစ်သားငယ်တွေနဲ့ ကလေးသူငယ်တွေကို ပြန်ပို့ပေးရေးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ 

ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးမှာ ရုရှားသမ္မတရဲ့ လက်ထောက် ဗလာဒီမာမက်ဒင်စကီးက ရုရှားဟာ ကျဆုံးသွားတဲ့ ယူကရိန်းစစ်သားတွေရဲ့ ရုပ်အလောင်း ၆၀၀၀ ကို ပြန်ပေးမယ်လို့ ပြောပါတယ်။ 

ရုရှားနဲ့ ယူကရိန်းတို့ဟာ ဖမ်းမိထားတဲ့အထဲက ဒဏ်ရာအပြင်းအထန် ရထားကြတဲ့ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား စစ်သားငယ်တွေ အားလုံးကို လဲလှယ်ဖို့ သဘောတူညီခဲ့ကြပြီး ရုရှားဟာ ရှေ့တန်းတလျှောက်ရှိ တချို့နေရာတွေမှာ ယူကရိန်းနဲ့ ၂ ရက်၊ ၃ ရက်လောက် အပစ်အခတ် ရပ်စဲရေး အဆိုပြုထားတယ်လို့လည်း သူက ဆိုပါတယ်။ 

ဒါ့အပြင် ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ ဆွေးနွေးပွဲအပြီးမှာ ယူကရိန်းဘက်ကို စာချွန်လွှာ တစောင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ရုရှားဟာ ရေရှည်ငြိမ်းချမ်းရေးနဲ့ အလုံးစုံ အပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုထားတဲ့ အစီအမံတွေကို အလေးပေး ဖော်ပြထားတာဖြစ်ကြောင်း ရုရှားသမ္မတရဲ့ လက်ထောက် မက်ဒင်စကီး က ဆိုပါတယ်။ 

ယူကရိန်းဟာ အဲဒီစာချွန်လွှာကို လက်ခံရရှိကြောင်း အူမယ်ရော့ဗ်က အတည်ပြုခဲ့ပြီး နောက်အဆင့်တွေကို မဆုံးဖြတ်ခင် ဒါကို ပြန်လည်သုံးသပ်ဖို့ တပတ်ကြာမှာ ဖြစ်ပါတယ်။ ယူကရိန်းကလည်း အခုလမကုန်ခင်မှာ ဆွေးနွေးပွဲတွေ ထပ်မံပြုလုပ်ဖို့ အဆိုပြုခဲ့ပါတယ်။

ရုရှား၊ ယူကရိန်း နှစ်နိုင်ငံဟာ ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်းက  ပထမဆုံး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုကိုတော့ မေ ၁၆ ရက်က အစ္စတန်ဘူလ်မှာ ပြုလုပ်ခဲ့တာပါ။ 

အဲဒီအစည်းအဝေးအတွင်း တဖက်ကို အကျဉ်းသား ၁,၀၀၀ စီ လဲလှယ်ဖို့ သဘောတူညီခဲ့ပြီး စစ်ပွဲ စတင်ချိန်ကတည်းက အကြီးမားဆုံး အကျဉ်းသား လဲလှယ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013