
ပြီးခဲ့တဲ့တပတ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ယောက် တွေ့ရပြီး ရှေ့တပတ်ကထက် ပိုးတွေ့နှုန်း ၅ ဆလောက်များလာတယ်လို့ စစ်ကောင်စီဩဇာခံ ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေ အရ သိရပါတယ်။
မေ ၂၅ ရက် ည ၈ နာရီကနေ ဇွန် ၁ ရက် ည ၈ နာရီအထိ တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၇၇၈ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ယောက် တွေ့ရတယ်လို့ ဇွန် ၂ ရက် ညမှာ ထုတ်ပြန်လာပါတယ်။
မေ ၁၈ ရက်ကနေ ၂၅ ရက်အထိမှာ ပိုးတွေ့ရာခိုင်နှုန်းက ၁ ဒသမ ၂၂ ဖြစ်ပြီး အခုက ၀ ဒသမ ၉၆ ဖြစ်တာကြောင့် ရာခိုင်နှုန်းက ၅ ဆလောက် ပိုများလာပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က ၃ ယောက်၊ ကမာရွတ်၊ မရမ်းကုန်းနဲ့ အလုံမြို့နယ်တို့က ၂ ယောက်စီ၊ ရွှေပြည်သာ၊ ဗိုလ်တထောင်၊ ဆိပ်ကြီးခနောင်တို၊ ပုဇွန်တောင်၊ ပန်းပဲတန်း၊ သင်္ယန်းကျွန်း၊ လှိုင်သာယာနဲ့ မြောက်ဒဂုံမြို့နယ်တို့က တယောက်စီ ဖြစ်တယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနက ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။
ဒီလူနာတွေထဲမှာ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးရတဲ့လူနာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာမရှိဘူးလို့ ဆိုပါတယ်။
ဧပြီ ၂၇ ရက်ကနေ မေ ၄ ရက်အထိ လူပေါင်း ၂,၆၂၄ ယောက်ကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၁ ယောက်၊ မေ ၁၁ ရက်ကနေ ၁၈ ရက်အထိ လူပေါင်း ၂,၄၆၁ ယောက် စစ်ဆေးရာမှာလည်း ပိုးတွေ့သူ ၁ ယောက်ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စဖြစ်ချိန်ကနေ ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်အထိ ပိုးတွေ့သူစုစုပေါင်း ၆၄၃,၂၅၆ ယောက်၊ သေဆုံးသူစုစုပေါင်း ၁၉,၄၉၄ ယောက် ရှိခဲ့တယ်လို့လည်း ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ထိုင်းနိုင်ငံမှာတော့ ၂၀၂၅ ခုနှစ်ဆန်းကနေ မေ ၂၀ ရက်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ သိန်းကျော်ရှိပြီး သေဆုံးသူ ၂၇ ယောက် ရှိတယ်လို့ ထိုင်း ကျန်းမာရေးဌာနဆီက သိရပါတယ်။
ကူးစက်ခံရသူ အများစုဟာ အသက် ၆၀ နဲ့အထက် လူကြီးတွေဖြစ်ပြီး လက်ရှိ ကူးစက်နေတဲ့ ကိုဗစ်-၁၉ ဟာ XEC မျိုးစိတ်ဖြစ်ပြီး မပြင်းထန်ဘူးလို့ ဆိုပါတယ်။