
ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ နှစ်နိုင်ငံနယ်စပ်ကြားရှိ မလွယ်ပေါက် ၄၂ နေရာကို တာဝန်ရှိသူတွေက ရာသက်ပန် ချိပ်ပိတ်လိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါဒေသထဲမှာ ပြီးခဲ့တဲ့အပတ်က နိုင်းထနားဝပ် ဆိုသူ အသက် ၂၅ နှစ်အရွယ် ထိုင်းလူရွယ်တယောက် ဘတ်ငွေ ၁၇,၉၉၄,၀၀၀ (၁၈ သန်းနီးပါး) မြန်မာဘက်ခြမ်းကနေ တရားမဝင် သယ်ဆောင်လာတာကို သက်ဆိုင်ရာက ဖမ်းဆီးရမိတဲ့နောက် သူဖြတ်သန်းခဲ့တဲ့ နေအိမ်အပြင် တခြားအဆောက်အဦက မလွယ်ပေါက်တွေပါ စစ်ဆေးပြီး ချိပ်ပိတ်လိုက်တာလို့ ဆိုပါတယ်။
တရားမဝင်ငွေစက္ကူ သယ်ဆောင်ဖြတ်သန်းလာတဲ့ နေအိမ်ဟာ ထိုင်းဘက်ခြမ်း ဆန်လပူရီမြို့နယ် နောင်လူးအုပ်စု ဘုရားသုံးဆူရပ်ကွက် (ထိုင်းဘက်ခြမ်း) ကဆစ်ကောက်လမ်းပေါ်မှာ တည်ရှိပြီး အိမ်ရဲ့ အရှေ့ဘက်က ထိုင်းနိုင်ငံဘက်မှာရှိကာ အိမ်ရဲ့ အနောက်ဘက်ခြမ်းကတော့ မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်ထဲ ပါဝင်နေတာ ဖြစ်ပါတယ်။
တရားဝင်နယ်စပ်ဂိတ်ကနေ မဖြတ်ကျော်လိုသူတွေဟာ အဆိုပါနေအိမ်တွေကနေ အိမ်ရှင်ကို ငွေပေးပြီး ဖြတ်သန်းသွားလာနေတာကို တာဝန်ရှိသူတွေက စုံစမ်းသိရှိခဲ့ပါတယ်။
မေ ၃၁ ရက်အထိ စစ်ဆေးချက်အရ အဆိုပါလမ်းထဲမှာတင် အဲဒီလို နှစ်နိုင်ငံကြား ခွဆောက်ထားတဲ့ နေအိမ် ၂ လုံး၊ ဈေးဆိုင် ၈ ဆိုင် တွေ့ရှိတယ်၊ ဒါ့အပြင် တခြားရပ်ကွက်တွေထဲမှာလည်း နေအိမ်နဲ့ စက်ရုံ၊ အလုပ်ရုံ ၂၂ လုံး ထပ်မံတွေ့ရှိတယ်၊ ဒါကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံး၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ ရပ်ကျေးလုံခြုံရေးအဖွဲ့ဝင်တွေက အဆိုပါနေရာတွေကို အဝင်ထွက်တံခါး ဂဟေဆော်ကာ အသေပိတ်ပစ်ပြီး ဝင်ထွက်သွားလာခွင့် ပိတ်လိုက်တယ်၊ တံခါးရွက်မှာလည်း ပိတ်ထားတဲ့တံခါးတွေကို ဖျက်ဆီးခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်တာ၊ စည်းကမ်းချက် မလိုက်နာတာတွေ တွေ့ရင် ဥပဒေအရ အရေးယူခံရမယ့် အကြောင်းလည်း စာကပ်ထားတယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံခွပြီး တံခါးဖွင့်ထားတဲ့ မလွယ်ပေါက်တွေကို ဇွန် ၆ ရက် နောက်ဆုံးထားပြီး ပိတ်ထားဖို့ ကန်ကျနပူရီ အုပ်ချုပ်ရေးရုံးက ညွှန်ကြားထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: 3 PLUS News / Khaosod