
နိုက်ဂျီရီယားနိုင်ငံ နိုက်ဂျာပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးလို့ နေအိမ်ပေါင်း ထောင်နဲ့ချီ ပျက်စီးသွားခဲ့ပြီးနောက် လူပေါင်း ၁၁၇ ယောက်ထက်မနည်း သေဆုံး၊ လူအများအပြား ပျောက်ဆုံးနေတယ်လို့ အရာရှိတယောက်က မေလ ၃၀ ရက်မှာ ပြောပါတယ်။
သေဆုံးသူဦးရေဟာ ကြာသပတေးနေ့က သေဆုံးစာရင်း ၂၁ ယောက် အရေအတွက်ကနေ သိသိသာသာထိုးတက်သွားတယ်လို့ နိုက်ဂျာပြည်နယ် အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ အကြီးအကဲ အီဘရာဟင် ဟူစိန်နီ က ပြောကြားခဲ့ပြီး မြောက်ဘက်-အလယ်ပိုင်းနယ်မြေက ကျေးရွာ ၂ ခုမှာ အိမ်ခြေ ၃,၀၀၀ လောက် ရေနစ်မြုပ်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုက်ဂျာပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ညက ရေကြီးရေလျှံခဲ့ပြီး ကြာသပတေးနေ့မနက်ပိုင်းအထိ ရေကြီးနေဆဲဖြစ်လို့ ရေထဲမှာ လူအများအပြားကျန်ရှိနေသေးကြောင်း ဟူစိန်နီ က ပြောပါတယ်။
နိုက်ဂျီးရီးယားနိုင်ငံမှာ မိုးရာသီက ဧပြီလမှာစတင်ပြီး မိုးရာသီရောက်တိုင်း ရေကြီးတတ်တာပါ။
နိုက်ဂျီးရီးယားနိုင်ငံဟာ ဆယ်စုနှစ်တခုကျော်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဒဏ်ကို ၂၀၂၂ ခုနှစ်က ကြုံတွေ့ခဲ့ရဖူးပြီး လူပေါင်း ၆၀၀ ကျော် သေဆုံး၊ ၁ ဒသမ ၄ သန်းလောက် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး လယ်ယာမြေ ဟက်တာ ၄ သိန်း ၄ သောင်း ပျက်စီးခဲ့ပါတယ်။
Source: Reuters