အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်က ကျေးရွာ ၂ ခုမှာ ရေကြီးတာကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေ ရေမြုပ် မျောပါပြီး အကူအညီလိုနေတယ်လို့ ကူညီနေသူတွေဆီက သိရပါတယ်။
မိုးဆက်တိုက်ရွာနေတဲ့အတွက် မေ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ မြစ်ရေကြီးလာပြီး တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာမှာ စစ်ရှောင်နေကြသူတွေရဲ့ အိမ်တွေ ရေထဲမျောတာ၊ ရေမြုပ်တာတွေရှိနေတယ်လို့ သိရပါတယ်။
ပလက်ဝ လူသားချင်းစာနာကူညီရေးဌာနတာဝန်ခံက “နေရာထိုင်ခင်း အခက်အခဲရယ်၊ စားဝတ်နေရေးအတွက်ပါ အခက်အခဲကြုံနေရတဲ့ အနေအထား ဖြစ်တယ်။ ရေကတော့ ကျပြီ၊ ဒါပေမဲ့ မိုးက ရွာနေဆဲဖြစ်တော့ သူတို့ နေရာထိုင်ခင်းအတွက် တော်တော်လေး ခက်ခက်ခဲခဲ ကြုံနေရတယ်” လို့ ပြောပါတယ်။
ဆက်သွယ်ရေးခက်ခဲတာကြောင့် ရေထဲ မျောပါတဲ့ အိမ်အရေအတွက်နဲ့ ရေကြီးဒဏ်ခံရတဲ့ စစ်ရှောင်အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
တွီဒင်းစစ်ရှောင်စခန်းက နေအိမ် ၅၆ လုံး၊ ကာကီစစ်ရှောင်စခန်းက နေအိမ် ၈၀ တို့ ရေမြုပ်တဲ့ဒဏ်ကို ခံနေရပြီး ရေမြုပ်တဲ့နေရာမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေဟာ ရွာအတွင်းက ခန်းမနေရာတွေ၊ နီးစပ်ရာ အသိမိတ်ဆွေအိမ်တွေမှာ ယာယီနေထိုင်နေရတယ်လို့ ဆိုပါတယ်။
ရေကြီးတာကြောင့် နေအိမ်ပျက်စီးကုန်တာ၊ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးကုန်တာ၊ စားနပ်ရိက္ခာတွေ ဆုံးရှုံးကုန်တာကြောင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေပြီး မိုးကာနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
မိုးသည်းသည်းထန်ထန်ရွာလို့ လောင်တလိုင်ခရိုင်ထဲမှာ မြေပြိုလို့ အိမ်တချို့လည်း ပျက်စီးခဲ့ရပြီး ဖုန်းလိုင်းနဲ့ အင်တာနက်အခက်အခဲတွေလည်း ရှိနေတာပါ။