ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းကို အသင်းကစားသမားဟောင်းတွေဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေတို့က ဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။
အဆိုပါပီအက်စ်ဂျီကစားသမားဟောင်း ၂ ယောက်ဟာ ပီအက်စ်ဂျီမှာရှိစဉ်က ဥရောပချန်ပီယံလိဂ် ဆုဖလားရဖို့ ပစ်မှတ်ထား ကြိုးပမ်းခဲ့ကြပေမဲ့ အောင်မြင်မှု မရခဲ့ကြသူတွေပါ။
အခုနှစ် ဘောလုံးရာသီမှာတော့ နည်းပြ အင်နရီကေးရဲ့ ဦးဆောင်မှုနဲ့အတူ ပီအက်စ်ဂျီအသင်းက ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး သမိုင်းတလျှောက် ပထမဆုံး ဥရောပချန်ပီယံ ဆုဖလားရယူနိုင်ခဲ့တာပါ။
နောက်ဆုံးမှာတော့ စောင့်ဆိုင်းခဲ့ရတဲ့ နေ့ထူးနေ့မြတ် ရောက်ရှိလာပြီဖြစ်ပြီး ပီအက်စ်ဂျီအသင်းသားအားလုံးအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက အင်စတာဂရမ်ကနေ ရေးသားခဲ့တာပါ။
အလားတူ ဘရာဇီးတိုက်စစ်မှူးနေမာကလည်း ပီအက်စ်ဂျီအသင်း ဆုဖလားကိုင်မြှောက်နေတဲ့ ဗီဒီယိုဖိုင်ကိုတင်ပြီး ဂုဏ်ပြုစကားဆိုသွားခဲ့တာ ဖြစ်ပါတယ်။