အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ မေ ၃၁ ရက် ဒီမနက်ပိုင်းက မြေပြိုခဲ့ပြီး ရခိုင်ကုန်သည်တွေတည်ခိုနေတဲ့ ဟိုတယ်လည်း မြေပြိုတာမှာလို့ ရခိုင်ကုန်သည်တွေလည်း ပိတ်မိနေကြတယ်လို့ အိန္ဒိရောက် ရခိုင်ကုန်သည်တွေဆီက သိရပါတယ်။
ဒီမနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ မြေပြိုကျခဲ့တာဖြစ်ပြီး ရခိုင်ကကုန်သည်တွေ တည်းခိုနေကြတဲ့ Pari Hotel အပါဝင် နေအိမ် ၆ လုံး မြေပြိုကျရာမှာပါလို့ ရခိုင်ကလာတဲ့ ကုန်သည် ၅ ယောက် ထက်မနည်း ပိတ်မိနေကြတယ်လို့ ကုန်သည်တယောက်က ပြောပါတယ်။
“လောင်တလိုင်ဈေးအနီးက ရပ်ကွက်မှာ မြေပြိုကျမှုဖြစ်တာ။ အဲဒီမှာ ရခိုင်ကုန်သည်တွေ တည်းခိုနေကြတဲ့ Pari Hotel နဲ့ အနီးအနားက အိမ် ၆ လုံးပြိုကျသွားတယ်။ အသေအပျောက်တော့ မရှိသေးဘူး။ ပိတ်မိနေတာ ကုန်သည်တွေကိုလည်း ကယ်ဆယ်ရေးလုပ်နေကြတယ်။ လောလောဆယ် ပိတ်မိနေသူတွေရဲ့ အသေးစိတ် အချက်အလက်တွေတော့ မရသေးဘူး”
မြေပြိုကျလို့ ပိတ်မိနေကြသူတွေကို ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ဒေသအာဏာပိုင်တွေက ကယ်တင်ဖို့ ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက လမ်းကြောင်းတွေ ပိတ်ဆို့ထားတာဖြစ်ပြီး ရခိုင်ပြည်နယ်က ကုန်သည်တွေဟာ အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်နေကြတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဟာ တောင်ပေါ်ဒေသဖြစ်တာကြောင့် မကြာခဏဆိုသလို မြေပြိုကျလေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း မြေပြိုမှုကြောင့် ဒေသခံတွေ သေဆုံးကြတယ်လို့ သိရပါတယ်။
အိန္ဒိယ-ရခိုင် ကုန်သွယ်လမ်းကြောင်းမှာလည်း မိုးတွင်းမှာ မြေပြိုကျလို့ လမ်းတွေ ခဏခဏပိတ်ဆို့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။