
စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ လက်အောက်ခံတပ်ထဲမှာ တပ်သားသစ်အဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရသူ ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မေ ၂၁ ရက်နေ့က အလင်းဝင်ရောက်လာတယ်လို့ ကလေးမြို့အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ကလေးမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အင်အား ၅၀၀ လောက်နဲ့ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးတဲ့အဖွဲ့ထဲကနေထွက်ပြေးပြီးတော့ ၆ ယောက် အလင်းဝင်လာတာ။ လက်နက်ခဲယမ်းတချို့ပါလာတယ်လို့ သိရတယ်။ ကလေးမြို့ပြ ပြောက်ကျား စီမံချက် UG အဖွဲ့ဆီမှာ အလင်းဝင်ကြတာ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေရဲ့ အသေးစ်တ်အခြေအနေတွေသိရှိနိုင်ဖို့ ကလေးမြို့၊ မြို့ပြပြောက်ကျားစီမံချက် UG အဖွဲ့ဆီကို DVB က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းနဲ့အင်တာနက်လိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရသေးပါဘူး။
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူက “ကလေးမြို့၊ မြို့ပြပြောက်ကျားစီမံချက် UG အဖွဲ့ဆီကိုအလင်းဝင်လာတဲ့ ၆ ယောက်လုံးက ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့သူတွေပါ။ စစ်မှုထမ်းအပတ်စဉ် ၇ နဲ့ အပါတ်စဉ် ၈ သင်တန်းဆင်းတွေ။ သင်တန်းဆင်းပြီးတော့ တပ်မ ၇၇ လက်အောက်က ခမရ ၃၉၁ တပ်ရင်းထဲကိုအပို့ခံရသူတွေ။ အဲဒီနောက်မှာ ချင်းပြည်နယ်ဘက်ကိုတက်ပြီး စစ်ကြောင်းထိုးမယ့် စစ်ကြောင်းထဲမှာ ပါလာကြတာ။ သူတို့ ၆ ယောက်လုံးကို ကလေးမြို့ပြပြောက်ကျားစီမံချက် UG အဖွဲ့ကပဲ ယာယီထိန်းသိမ်းထားပြီးတော့ လက်နက်ခဲယမ်းတွေပါလာတဲ့သူ ၂ ယောက်ကို ဆုငွေသိန်း ၁၅၀ ချီးမြှင့်ပေးလိုက်တယ်။ အခုတော့ သူတို့တွေ လွတ်မြောက်နယ်မြေဆီကို ချောချောမောမောရောက်သွားကြပါပြီ” လို့ DVB ကို ပြောပါတယ်။
အလင်းဝင်လာကြသူတွေဟာ MA3 သေနတ် ၂ လက်၊ ကျည် ၄၇၆ တောင့်၊ ကျည်ဘောက် ၁၄ ခု၊ လက်ပစ်ဗုံး ၅ လုံးနဲ့ တခြားစစ်အသုံးအဆောင်တချို့ကိုလည်း ယူဆောင်လာခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ရေးအရှိန်တွေမြှင့်တင်လာတော့မှာဖြစ်လို့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင် နေကြသူတွေအနေနဲ့လည်း မိသားစုတွေနဲ့အတူပြန်လည်ဆုံဆည်းနိုင်ဖို့ နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက်ခိုလှုံအလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားတယ် လို့လည်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။