
စစ်ကောင်စီတပ်ရဲ့ အဓမ္မ လူသစ်စုဆောင်းခံရတဲ့ တပ်သားသစ်တယောက် အောက်တိုဘာ ၃၀ ရက်က ထွက်ပြေးလာပြီး တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ခိုလှုံလာခဲ့တယ်လို့ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဆိုပါတပ်သားဟာ ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်က အသက် ၂၇ နှစ်အရွယ် ငါးဖမ်းလှေလုပ်သား ဟော့လစ် (ခ) ထူးဇာထွန်း ဖြစ်ပြီး အခုနှစ် ဧပြီလအစောပိုင်းက မြိတ်မြို့မှာ ငါးဖမ်းလိုက်ပြီး ကမ်းပြန်ကပ်ချိန် စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ လက်မှတ်ထိုးခိုင်းကာ မြိတ်စစ်ဆေးရုံမှာ ဆေးစစ်ပြီးနောက် မြိတ်ရွှေဒူးတပ်လို့ခေါ်တဲ့ ခမရ ၄၃၃ တပ်ရင်းကို ပို့ဆောင်ခံခဲ့ရကြောင်း၊ အဲဒီနောက် ပုလောမြို့နယ် ပလ စစ်သင်တန်းကျောင်းမှာ ၃ လ သင်တန်းတက်ရောက်ဖို့ စေလွှတ်ခံခဲ့ရကာ သင်တန်းပြီးတဲ့နောက် ရှေ့တန်းနယ်မြေဖြစ်တဲ့ အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ကို ပို့ဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။
တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “သူ့ကို ဘေးကင်းလုံခြုံစွာ ထားပေးပါတယ်။ စစ်ကောင်စီတပ်ရင်းထဲမှာ တော်တော်လေးကို ဖရိုဖရဲ ဖြစ်နေပြီးတော့ နောက်ထပ်ထွက်ချင်တဲ့ ရဲဘော်တွေလည်း အများကြီးရှိနေတယ်တဲ့။ နောက်ထပ်ဝင်လာမယ့်သူရှိရင်လည်း ကြိုဆိုမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါတပ်သားဟာ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာတိုက်ပွဲမှာ ပါဝင်ခဲ့ပြီး နောက်တန်းပြန်လာချိန် အောက်တိုဘာ ၂၄ ရက်က တနင်္သာရီမြို့ ဘိုးဘွားရိပ်သာမှာ ကင်းချနေစဥ် ထွက်ပြေးလာခဲ့ပြီး အောက်တိုဘာ ၃၀ ရက်မှာ လာရောက်ခိုလှုံခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ခိုလှုံလာတဲ့ တပ်သားရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်မှာ အထက်အရာရှိတွေက လက်အောက်ငယ်သားတွေကို နိုင်ထက်စီးနင်းလုပ်တာတွေ ရှိတယ်လို့ သိရကြောင်း တနင်္သာရီရိုးမအဖွဲ့ တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီက တပ်သားသစ် စုဆောင်းထားတဲ့သူတွေကို သင်တန်းကာလ မပြည့်ဘဲနဲ့ ရှေ့တန်း စစ်မျက်နှာပြင်ကို ပို့ဆောင်တိုက်ပွဲဝင်ခိုင်းနေတာ ပိုတွေ့လာရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။











