
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့မှာ မေ ၂၉ ရက် ညနေပိုင်းက ကလေးတယောက် ရေဆင်းကူးရင်း ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝါးခယ်မမြို့၊ စာရေးကုန်းရပ်ကွက်၊ သကျမဟာသီရိဘုရားကြီးဝင်း မင်းကျောင်းစာသင်တိုက်ရှေ့က လိပ်ကန်မှာ ရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်၊၊
ဒေသခံတယောက်က “ရေချိုးရင်းနဲ့ ဖြစ်တာပေါ့နော်။ ကလေးအသက်ကတော့ မငယ်တော့ဘူး။ ရေနက်ပိုင်းထဲရောက်သွားပြီး နစ်သွားတဲ့သဘောပါ။ ပုံမှန်ရေချိုးနေတဲ့နေရာဆိုပေမယ့် မိုးကလည်းရွာ ရေတိုးနေတဲ့အချိန်ဆိုတော့အခုလိုဖြစ်သွားတာ” လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးဖြစ်ပြီး ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်၊၊
ရုပ်အလောင်းကို ည ၈ နာရီကျော်မှာရှာတွေ့ခဲ့ပြီး ဝါးခယ်မ ဘက်စုံစုပေါင်းကွန်ရက်က လူနာတင်ယာဉ်နဲ့ ဝါးခယ်မမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊