
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်း မြို့အတွင်း လှည့်လည်အောင်ပွဲခံစဉ် လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့သူကို အမှု ၇ မှုနဲ့ တရားစွဲထားပါတယ်။
ကားနဲ့ဝင်တိုက်သူဟာ အသက် ၅၃ နှစ်အရွယ်ရှိ ကလေး ၃ ယောက်အဖေ ပေါလ်ဒွိုင်းဆိုသူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က မေ ၂၉ ရက်မှာ ထုတ်ဖော် ပြောဆိုထားပါတယ်။
ဒွိုင်းဟာ ရေတပ်တပ်ဖွဲ့ဝင်ဟောင်းတယောက်ဖြစ်ပြီး စီးပွားရေးသမားတယောက်လည်း ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် မီဒီယာတွေက ဖော်ပြပါတယ်။
အန္တရာယ်ရှိတဲ့ ကားမောင်းမှု အပါအဝင် လူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့မှုအတွက် သောကြာနေ့မှာ ရုံးတင်စစ်ဆေးမယ်လို့ မာဆေးဆိုက်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
ဒီကားတိုက်မှုမှာ လူပေါင်း ၇၉ ယောက် ထိခိုက်ခဲ့ပြီး အသက် ၉ နှစ်ကနေ ၇၈ နှစ်အထိ ပါဝင်တာ တွေ့ရပါတယ်။
အဲဒီကားတိုက်မှုကြောင့် လက်ရှိအချိန်အထိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသူ ၇ ယောက်ရှိတဲ့ အကြောင်းလည်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။
ဒွိုင်းကို တနင်္လာနေ့က သေစေတဲ့ ရည်ရွယ်ချက်၊ မူးယစ်ဆေးသုံးပြီး ကားမောင်းမှု၊ အန္တရာယ်ရှိတဲ့ မောင်းနှင်မှု စတဲ့အချက်တွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ စွဲချက်တင်တဲ့အထဲမှာတော့ လူသတ်ဖို့ ကြံစည်မှုနဲ့ မူးယစ်ဆေးသုံပြီး ကားမောင်းမှု မပါဝင်ဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။
လီဗာပူးပရိသတ် ထောင်ပေါင်များစွာဟာ မြို့လယ်မှာ စုဝေးခဲ့ကြပြီး ပျော်ရွှင်စွာ အောင်ပွဲခံမှုကနေ ထိတ်လန့်စရာ အဖြစ်အပျက် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြချက်အရ အဲဒီကားဟာ လူအုပ်ကြီးထဲကို ဝင်ရောက်ခဲ့ပြီး လူတွေပေါ်ကို တက်ကြိတ်တာတွေ၊ ကားတိုက်မှုကြောင့် ဘောနတ်ဖုံးပေါ်ကနေ လွင့်ထွက်တာမျိုးတွေလည်း မြင်တွေ့ရပါတယ်။
ကားဘီးနဲ့ အကြိတ်ခံရတဲ့ လူ ၄ ယောက်ရှိပြီး ကလေးတယောက်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် ပရိသတ်တွေက ကားမှန်တွေကို ဒေါသတကြီး ရိုက်ပုတ်ခဲ့တာလည်း တွေ့ရပါတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဒါဟာ အကြမ်းဖက်မှုမဟုတ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာချက် မြန်မြန်ထုတ်ပြန်ခဲ့ပါတယ်။