DVB Logo
Home
မြန်မာသတင်း
လုံးခင်းတွင် စစ်တပ် ပစ်ခတ်သဖြင့် အရပ်သား ၇ ဦးခန့် သေဆုံး
DVB
·
May 29, 2025
လုံးခင်းတွင် စစ်တပ် ပစ်ခတ်သဖြင့် အရပ်သား ၇ ဦးခန့် သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းမြို့မှာ မေ ၂၇ ရက်က စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် အရပ်သား ၇ ယောက်လောက် သေဆုံးပြီး အလောင်းပြန်မကောက်နိုင်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၇ ရက်ကစပြီး  လုံးခင်းက လမ်းမပေါ်ကနေ ဖားကန့်ဘက်ကို ဦးတည်သွားနေတဲ့  အင်အားရာနဲ့ချီ စစ်ကောင်စီတပ်က လမ်းမှာတွေ့တဲ့ အရပ်သားတွေကို ပစ်ခတ်ပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“လောလောဆယ် အလောင်းတွေကို မကောက်နိုင်သေးဘူးနော်။ ၇ ဦးသေတယ်လို့တော့ သိထားပါတယ်။ လုံးခင်းအဝင်၊ အထွက်တွေ အားလုံး မရသေးဘူးဗျ။ စစ်ကြောင်းက လမ်းမကြီးအတိုင်း ဖြတ်နေတာဆိုတော့လေ။ လုံးခင်းထဲမှာလည်း စစ်ကောင်စီတပ်တွေ ကျန်သေးတယ်။”

စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ ဖားကန့်ဘက်ကို ဦးတည်တက်သွားကြပြီး မနေ့ညပိုင်းမှာ လုံးခင်းကဆိုင်တွေကို မွှေနှောက်ကာ ပစ္စည်းတွေယူသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုံးခင်းမြို့ကို ဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ မေ ၂၈ ရက် မနက်မှာ တိုက်ပွဲပြင်းထန်ပြီး နေအိမ်တလုံးပေါ် လက်နက်ကြီးကျတာကြောင့် ပြင်းထန်ဒဏ်ရာရသွားတဲ့ မိသားစုဝင် ၄ ယောက် ဆိုင်းတောင်ဆေးခန်းမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

“လုံးခင်းက လက်နက်ကြီးထိတဲ့ လူနာ ရောက်နေတာ။ တအိမ်လုံးထိတာ။ အမေက လက်ဖြတ်လိုက်ရတယ်။ အဖေက ခြေထောက်၊ ကလေးတွေလည်း ထိထားတယ်။ အိမ်နီးချင်းက ကားပေါ်ကို အဲဒီလူနာအားလုံးတင်ပြီး မောင်းပြေးတာ နောက်ကနေလိုက်ပစ်သေးတယ်” လုံးခင်းဒေသခံက ပြောပါတယ်။

“လုံးခင်းကနေ စစ်ကြောင်း ၃ ကြောင်းနဲ့ ထွက်လာပြီး လောလေဆယ် ဖားကန့်ဗျူဟာကုန်းကို ဝင်ဖို့လုပ်နေပြီ။ လောလောဆယ် ပစ်ခတ်မှုကတော့ ငြိမ်နေတယ်” လို့ DVB ကို ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့ပတ်လည်က စခန်းတချို့ကို သိမ်းပိုက် ထိန်းချုပ်ထားပေမဲ့ ဖားကန့်မြို့အဝင်က လယ်ပြင်စခန်း၊ မဇွပ်ယာန်ထောင်၊ ကံဆီးဗျူဟာကုန်း၊ ကန်းခေါင်၊ လုံးခင်း၊ မျောက်ကုန်း၊ ဖားကန့်တပ်မကုန်းနဲ့ ဖားကန့်ရဲစခန်းတွေကိုတော့ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013