
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ဟင်းနုနယ်ပင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဟင်းနုနယ်ပင်ကို သိပ္ပံလို Amaranthus hybridus , Amaranthus viridis လို့ခေါ်ပြီး အင်္ဂလိပ်လို slender amaranth green amaranth, pigweed, African spinach လို့ ခေါ်ကြပါတယ်။
ဟင်းနုနယ်ရွက်မှာ ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ သံဓာတ်၊ ကယ်လ်စီယမ်၊ ဇင့်၊ ဗီတာမင် C၊ ဗီတာမင်A၊ ဗီတာမင် B6၊ ဗီတာမင် K၊ ပိုတက်စီယမ်၊ ဖောလိတ်၊ မဂ္ဂနီစီယမ်၊ ဖော့စပရပ်၊ ကာရိုတင်း၊ niacin ၊ ascorbic acid၊ riboflavin၊ niacin၊ thiamin၊beta-carotene, zeaxanthin ၊lutein စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ alkaloid, flavonoid, glycoside, saponin, phenolic acid၊ palmitic၊ linoleic၊ lignoceric နဲ့ archidic acid စတဲ့ ကျန်းမာရေး အကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း ရောင်ရမ်းမှုကို လျော့ပါးစေခြင်း၊ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း၊ လိပ်ခေါင်းရောဂါ တိုက်ဖျက်ခြင်း၊ ဝမ်းလျှောခြင်းကို ကာကွယ်ပေးခြင်း၊ နှလုံးရောဂါကို ကာကွယ်ခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ သွေးကို သန့်စေင်ခြင်း၊ ဆီးရွှင်ဆေး အာနိသင်ရှိခြင်း၊ ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း၊ သွေးအားနည်းရောဂါကာကွယ်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ကင်ဆာကို ဆန့်ကျင်ခြင်း၊ မျက်စိနဲ့ အသားအရေ ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ အကိုက်အခဲပျောက်ဆေး/ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ အမျိုးသမီးများတွင် မိန်းမကိုယ်မှ သွေးအလွန်အကျွံဆင်းခြင်းကို တားဆီးပေးခြင်း၊ အရိုးကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အာရုံကြော ပျက်စီးမှုကို ကာကွယ်ပေးခြင်း စတဲ့ အစွမ်းအာနိသင်များ ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ဟင်းနုနယ်ရွက်ပင်ရဲ့ အရွက်၊ ပင်စည်၊ အမြစ်၊ အစေ့ တို့ကို သုံးစွဲကြပါတယ်။
ဟင်းနုနယ်ပင်မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များ ကြွယ်ဝပြီး ဟင်းနုနယ် စားသုံးခြင်းက သွေးတွင်း မကောင်းတဲ့အဆီကို လျော့ကျစေတာကြောင့် သွေးတိုးရောဂါနဲ့ နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ အရွက်ဟာ ပိုတက်စီယမ်ဓာတ် ပြည့်ဝတာကြောင့်လည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ဟင်းနုနယ်ပင်မှာ ပရိုတင်းနဲ့ အမျှင်ဓာတ်များ မြင့်မားစွာပါဝင်ပြီး အဆီနဲ့ ကိုလက်စထရော နည်းပါးတာကြောင့် ဟင်းနုနယ် စားသုံးခြင်းက သွေးထဲမှာ အင်ဆူလင်ပမာဏကို လျော့ကျစေပြီး ပြည့်ဝစေတဲ့ ခံစားချက်ကို ဖြစ်စေကာ မကြာခဏ ဆာလောင်မှုနဲ့ အစာစားချင်စိတ်ကို လျော့ကျစေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
ဟင်းနုနယ်ရွက်မှာ သံဓာတ်ကြွယ်ဝတာကြောင့် ဟင်းနုနယ်ရွက်ကို သံပရာသီးနဲ့ တွဲဖက် စားသုံးပေးခြင်းဖြင့် သွေးနီဥဆဲလ်များနဲ့ ဆဲလ်များ ဇီဝဖြစ်ပျက်မှုအတွက် သွေးထဲမှာ သံဓာတ် စုပ်ယူမှုကို လွယ်ကူချောမွေ့စေတာကြောင့် ဟင်းနုနယ် စားသောက်ပေးတာက သွေးအားနည်းရောဂါကို လျော့ပါးစေပါတယ်။
ဟင်းနုနယ်ရွက်မှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်ပြီး beta-carotene, zeaxanthin နဲ့ lutein စတဲ့ ဖလဗိုနွိုက်ပိုလီဖီနိုလစ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဓာတ်ကြွင်းပစ္စည်းများ ပါဝင်လို့ ဓာတ်တိုးဖိစီးမှုကို ကာကွယ်ပေးတဲ့အပြင် ဗီတာမင် A က မျက်လုံးကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ဟင်းနုနယ်ရွက်မှာ ဗီတာမင် K ကြွယ်ဝတာကြောင့် သွေးခဲခြင်း လုပ်ငန်းစဉ်မှာ အရေးပါတဲ့အပြင် အရိုးထုထည်ကို အားကောင်းစေကာ ကယ်လ်စီယမ် ကြွယ်ဝတာကြောင့်လည်း အရိုးကျန်းမာရေးကို အကျိုးပြုပြီး အရိုးပွရောဂါနဲ့ ကယ်လ်စီယမ် ချို့တဲ့ခြင်းနဲ့ ဆက်စပ်တဲ့ အရိုးကျန်းမာရေး ပြဿနာများ လျောနည်းစေပြီး ဦးနှောက်အာရုံကြော ပျက်စီးမှုကို တားဆီးပေးတဲ့အတွက် ဟင်းနုနယ်ရွက် စားသောက်ပေးခြင်းက အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူများအတွက်လည်း အကျိုးပြုပါတယ်။
ဟင်းနုနယ်ရွက်မှာ ဖောလိတ်၊ riboflavin၊ niacin၊ thiamin၊ ဗီတာမင် B6 နဲ့ အခြား ဗီတာမင် B အုပ်စုများ ကြွယ်ဝစွာပါဝင်လို့ ကိုယ်ဝန်ဆောင်မိခင်များ ဟင်းနုနယ်ရွက် စားသောက်ပေးခြင်းဖြင့် မွေးကင်းစ ကလေးငယ်များမှာ မွေးရာပါချို့ယွင်းချက်များကို တားဆီးပေးပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ဟင်းနုနယ်ရွက်မှာ စွမ်းအင်ထုတ်လုပခြင်းနဲ့ ကယ်လ်စီယမ် စုပ်ယူမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် lysine ပါဝင်တာကြောင့် ဟင်းနုနယ်ရွက် စားသုံးခြင်းက ဆံပင်ကြီးထွားမှုကို အားကောင်းစေပြီး ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်းတို့ကိုလည်း လျော့နည်းစေတဲ့အပြင် အသားအရေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
ကင်ဆာကို ဆန့်ကျင်တဲ့ flavonoid များ ပါ၀င်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
ဟင်းနုနယ်မှာ ကပ်ပါးပိုးသတ်ဆေး အာနိသင်ရှိတာကြောင့် ဝမ်းကိုက်ခြင်းနဲ့ အူလမ်းကြောင်း ရောင်ရမ်းခြင်းများမှာ ဟင်းနုနယ်တပင်လုံး ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက် တနေ့ ၃-၄ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
ဟင်းနုနယ်မှာ ဆီးသွားစေတဲ့ အာနိသင် ရှိတာကြောင့် အရွက်/အမြစ်ပြုတ်ရည်ကို ဆီးအိမ် ရောင်ရမ်းခြင်းနဲ့ ဆီးနည်းခြင်း ဆီးအောင့်ခြင်းများမှာ တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက် တနေ့ ၃-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။
အမျိုးသမီးများ အဖြူဆင်းခြင်းအတွက် ဟင်းနုနယ်အမြစ်နဲ့ အစေ့များကို ထုထောင်းပြီး သတ္တုရည်ကို တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို သကြား ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးပူညောင်းကျရောဂါမှာ အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက် ကို ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ပန်းသေ ပန်းညှိုးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အားနည်းခြင်းများအတွက် အရွက်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်း၊ နွားနို့ ၁ခွက်နဲ့ ညအိပ်ရာဝင် သောက်ပေးနိုင်ပါတယ်။
ဟင်းနုနယ်မှာ galactagogue ပါဝင်တာကြောင့် နို့တိုက်မိခင်များ ဟင်းနုနယ်ကို ဟင်းချို ချက်သောက်ပေးခြင်းဖြင့် နို့ထွက်နှုန်း တိုးစေပါတယ်။
အဆစ်အမြစ် ရောင်ရမ်းမှု နာကျင်ခြင်းများမှာ အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ပန်းကန် ၁ ခွက် တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကိုယ်ဝန်ပျက်ကျပြီးနောက် သွေးထွက်ခြင်းကို ထိန်းချုပ်ရန် သခွားမွှေးအမြစ်နဲ့ ဟင်းနုနယ်အမြစ် ဆတူရောနှောပြီး ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန် တဝက် တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ မီဖွားပြီးဝေဒနာကို သက်သာစေပြီး အဖျားပျောက်ဆေးအဖြစ် လုပ်ဆောင်ပါတယ်။
အဖျားရောဂါများမှာ အရွက်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ငရုတ်ကောင်းမှုန့် ကော်ဖီ ဇွန်းဝက် နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဟင်းနုနယ်အစေ့နဲ့ အရွက်ခြောက်များ ပြုတ်ရည်ကို ချင်းမှုန့် ကော်ဖီ ၁ ဇွန်း၊ ပျားရည်တို့နဲ့ သောက်ပေးခြင်းဖြင့် တုပ်ကွေးနဲ့ အအေးမိခြင်းမှ ကာကွယ်ပေးပါတယ်။
အရွက်ကို ထုထောင်းပြီး နှင်းခူ၊ အသားမာနာ၊ သွေးစုနာနဲ့ အဖုများမှာ လိမ်းပေးနိုင်ပါတယ်။
ဟင်းနုနယ်ကို ဟင်းချိုချက် သောက်ပေးခြင်း/ရေနွေးကြမ်းအဖြစ် သောက်ပေးခြင်းက သွေးကို သန့်စင်စေပြီး အသည်းကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ဆီးနဲ့ ကျောက်ကပ်ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ဆီးကျိတ်ရောဂါ၊ အဆစ်ရောင်ရောဂါကို ကာကွယ်ပေးခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့နာတာရှည် ရောဂါများ ဖြစ်ပွားမှုကို လျော့ပါးစေခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။
ဟင်းနုနယ်ကို အသင့်တင့်စားသုံးတာက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ လေထိုးလေအောင့်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တချို့ဓာတ်မတည့်သူများမှာ ဟင်းနုနယ်စားသုံးပြီးနောက် ယားယံခြင်း၊ အသက်ရှူခက်ခြင်းတို့ ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်သူများ ဟင်းနုနယ်ပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူများ ဟင်းနုနယ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။