
စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ လယ်ယာလုပ်ငန်းခွင်တွေအထိ စစ်ကြောင်းထိုးနေတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၅ ရက်ကစတင်ပြီး စစ်ကောင်စီတပ်က ငပုတောမြို့နယ်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်လို့ သတင်းရတာကြောင့်ဆိုပြီး စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ငပုတောဒေသခံ အမျိုးသမီးတယောက်က “စကစ တပ်က လုပ်ငန်းခွင်တွေထဲအထိ နယ်မြေလာရှင်းလင်းနေတာ။ အုန်းခြံတွေထဲ မနေ့က ရောက်လာပြီး AA နဲ့ PDF တွေရဲ့ တံဆိပ်ပြပြီး ဒီလိုဝတ်ဆင်ထားသူတွေ လာသလားမေးပြီး ရမ်းသန်း ပစ်ခတ်နေတာ၊ ဘယ်သူမှ အလုပ်မလုပ်ရဲဘူး၊ ထွက်ပြေးနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ငပုတောမြို့နယ်ထဲက ကညင်ချောင်းရွာ၊ ကုန်းတန်းကျေးရွာ၊ ဆားကွင်းကျေးရွာတွေထဲက စိုက်ပျိုးရေးလုပ်ငန်း အုန်းခြံတွေထဲမှာ အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီတပ်ဘက်က အရပ်သားတွေရဲ့ လုပ်ငန်းခွင်တွေထဲမှာ ရမ်းသန်း ပစ်ခတ်နေတာ။ ဘယ်သူက နေရဲမှာတုန်း။ မေးရုံမြန်းရုံလောက်ဆို ကိစ္စမရှိပါဘူး။ သတင်းရလို့ စစ်ကြောင်းထိုးတာလို့တော့ ပြောနေတာပဲ” လို့ ပြောပါတယ်။
စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့အတူ အရပ်ဝတ်နဲ့ အုပ်ချုပ်ရေးမှူး ဆိုသူတချို့ပါ လိုက်လာပြီး အခုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ မော်တင်အငူဘက်မှာ အထိုင်စခန်းချထားတယ်လို့ အရပ်သားတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်က ငရုတ်ကောင်း၊ ဂေါ်ရင်ဂျီကမ်းခြေ ပတ်လမ်းအနီးမှာလည်း အထိုင်ချ တပ်စွဲထားသလို ကင်းပုန်းဝပ် စောင့်နေသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။