
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စန့်လိတ်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက မေ ၂၆ ရက်မှာ ပြောပါတယ်။
မေ ၁၂ ရက်မှာ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြန်ငြိမ်နေပေမဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဗုံးသီးချ တိုက်ခိုက်တာတွေကို နေ့တိုင်း ပြုလုပ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“၁၂ ရက်နေ့ တိုက်ပွဲကတည်းက ဒေသခံတွေ ပြောင်းသွားပါပြီ။ အဲဒီနောက်ပိုင်းကနေ ဒီနေ့အထိ ဒရုန်း၊ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတာ။ အနီးအနားက ကာလကျေးရွာကိုလည်း လက်နက်ကြီးနဲ့ပစ်တာ ရှိတယ်။”
ရေပူကျေးရွာ၊ ဘုရားတောင်၊ နမ့်တုတ်၊ တောင်ပို့ကွဲ၊ အိမ်မူ၊ ကုန်းသာ၊ ဟိုပန်ကျေးရွာတွေထဲကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
မေ ၂ ရက်က နမ့်တုတ်ကျေးရွာနဲ့ ကုန်းသာရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နေအိမ်တလုံးနဲ့ ခန်းမတခု ပျက်စီးခဲ့ပြီး မေ ၁၂ ရက်မှာ တောင်ပို့ကွဲကျေးရွာနဲ့ ဟိုပန်ကျေးရွာထဲ လက်နက်ကြီးကျလို့ ဘုန်းကြီးကျောင်းနဲ့ အိမ်တလုံး ပျက်စီးခဲ့ပါတယ်။
မေ ၁၅ ရက်ကလည်း ဘုရားတောင်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်လို့ နေအိမ်တလုံး ပျက်စီးခဲ့ပါသေးတယ်။