
အခုနှစ် ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ် ကစားသမား မိုဆာလာက ၂ ကြိမ်မြောက် ရယူသွားပါတယ်။
လီဗာပူးအသင်းကို ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့တဲ့ ဆာလာဟာ အသင်းဖော်တွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂရာဗန်ဘက်ချ်တို့ အပါအဝင် အီဆတ်ခ်၊ ဒက်ကလန် ရိုက်စ်၊ အမ်ဘူမို၊ ဂစ်ဝိူက်နဲ့ ခရစ္စဝုဒ်တို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဆုရယူနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ဖို့ သေချာသလောက် ဖြစ်နေတဲ့ ဆာလာဟာ ၂၀၁၇-၂၀၁၈ ရာသီမှာလည်း တနှစ်တာအကောင်းဆုံး ကစားသမားဆု ရရှိခဲ့ဖူးသူပါ။
အသက် ၃၂ နှစ်ရှိ အီဂျစ်တိုက်စစ်မှူးဟာ ဘောလုံးကလောင်ရှင်တွေက ချီးမြှင့်တဲ့ တနှစ်တာ အကောင်းဆုံးကစားသမား ဆုကိုလည်း ရရှိခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမား အစည်းအရုံးက ချီးမြှင့်မယ့် PFA ဆုရရှိဖို့လည်း အခြေအနေ ကောင်းမွန်နေပါတယ်။