
မန်ယူနဲ့ မန်စီးတီးအသင်းတွေကို အနိုင်ယူခဲ့တဲ့ပွဲစဉ်တွေက ချန်ပီယံဆုအတွက် အကြီးမားဆုံး အခိုက်အတန့်တွေ ဖြစ်ကြောင်း လီဗာပူးနည်းပြ အာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ရာသီအစ ပွဲစဉ် ၃ မှာ မန်ယူအသင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့ပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
အဲဒီပွဲစဉ်အပြီးမှာ လီဗာပူးအသင်းအနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ရှိလာခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှာ မန်စီးတီးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကလည်း ပြိုင်ဘက်တွေက မိမိတို့အသင်းကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲသွားပြီဆိုတာ သိမြင်လာတဲ့ အခိုက်အတန့်ဖြစ်ကြောင်း နည်းပြ စလော့က ပြောပါတယ်။
လီဗာပူးဟာ မန်စီးတီးကို အဝေးကွင်းမှာ အနိုင်ရခဲ့ချိန်က ပရီးမီးယာလိဂ်မှာ ၂၃ ပွဲဆက် ရှုံးပွဲမရှိရလဒ်နဲ့အတူ ဒုတိယနေရာက အာဆင်နယ်ကို ၁၁ မှတ်အထိဖြတ်ပြီး ချန်ပီယံဆုအတွက် အလေးသာစေခဲ့တာ ဖြစ်ပါတယ်။