DVB Logo
Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ရေသကျည်းပင် (ညံပင်) ဆေးဖက်ဝင်
သာဇဏ်
·
July 8, 2026
နွေဦးပြည်သူတို့အတွက် ရေသကျည်းပင် (ညံပင်) ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ရေသကျည်းပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

ရေသကျည်းပင်(ညံပင်)ကို သိပ္ပံလို Sesbania sesban , Sesbania aegyptiaca လို့ခေါ်ပြီး အင်္ဂလိပ်လို Common sesban, Egyptian riverhemp, Egyptian rattlepod လို့ ခေါ်ကြပါတယ်။ 

ရေသကျည်းပင်မှာ Glucose, Fructose, Sucrose, Erythritol, Arabinitol, Galactitol,Myo-inositol, ampesterol, cholesterol,beta-sitosterol ,Triterpenoid,protein, tannin, Saponin,glycoside, steroid, cyanidin, delphinidin glucoside, alpha-ketoglutaric, oxaloacetic, pyruvic acid, စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး  ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ အာရုံကြောစနစ်ကျန်းမာရေးကို ကူညီပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ ဝမ်းပျက်ဝမ်းလျောကို ဆန့်ကျင်ခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ သွေးသန့်စင်ခြင်း၊ ဆီးရွှင်စေခြင်း၊ အနာကျက်ခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့အာနိသင်များ ရှိပါတယ်။ 

ဆေးဘက်ဆိုင်ရာမှာ ရေသကျည်းပင်(ညံပင်) ရဲ့  အရွက်၊ အမြစ်၊ အခေါက်၊ အပွင့်၊ အစေ့ တို့ကို သုံးစွဲကြပါတယ်။

အရွက်ကို ထုထောင်းပြီး အနည်းငယ်အပူပေးကာ သွေးစုနာ၊ ပြည်တည်နာ၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အကျိတ်အဖုပေါက်ခြင်း တို့မှာ လိမ်းပေး/အုံပေး နိုင်ပါတယ်။ 

ပြည်တည်နာများ/ ပေါက်ပြဲနာများမှာ အခေါက်ပြုတ်ရည်နဲ့ ဖန်ဆေးပေးခြင်းဖြင့် အနာကို သန့်စင်စေပြီး အကျက်မြန်စေပါတယ်။

ထိပ်ပြောင်ခြင်းနဲ့ ဆံပင်ဖြူခြင်းအတွက် ရွက်သတ္တုရည်ကို ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် အကျိုးရှိစေပါတယ်။ 

ကင်းမြီးကောက် ကိုက်ခြင်းအတွက် အစေ့နဲ့ အမြစ်ကို ထုထောင်းပြီး အုံ/လိမ်းပေးနိုင်ပါတယ်။

ဝမ်းလျှောဝမ်းပျက်၊ ဝမ်းကိုက်ခြင်း၊ ဝမ်းဖော ဝမ်းရောင်ခြင်းတို့အတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့အတွက်  အစေ့မှုန့် ကော်ဖီ ဇွန်းဝက်ကို အစာမစားမီ နာရီဝက်ခန့်ကိုတင်ပြီး ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။ 

သန်ကောင်/တုတ်ကောင်ရောဂါများအတွက် အရွက်ပြုတ်ရည် တခါသောက် ဟင်းစားဇွန်း တဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

အသံအိုးနာခြင်း၊ အသံဝင်ခြင်း၊ နှာရည်ယိုခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများမှာ   အရွက်ပြုတ်ရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို သံပရာရည် /ရှောက်ရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အစေ့မှုန့်ကော်ဖီ ဇွန်းဝက်ခန့်ကို ရေများများ နဲ့ သောက်ပေးခြင်းက ဆီးကို အထွက်တိုးစေပြီး ဆီးလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

သရက်ရွက်ကြီးခြင်းအတွက်  အစေ့မှုန့် ကော်ဖီ ဇွန်းဝက်ကို တနေ့  ၁ ကြိမ် သောက်ပေးနိုင်ပါတယ်။

အပွင့်မှုန့် ကော်ဖီ ၁ ဇွန်းကို  ထန်းလျက် ကော်ဖီ ၁ ဇွန်း နဲ့ ရောစပ်ပြီး ဓမ္မတာမပေါ်မီ ၃ ရက်ခန့်မှ ဓမ္မတာပြီးဆုံးချိန်အထိ တနေ့ ၁ ကြိမ် သောက်ပေးခြင်းဖြင့်  ဓမ္မတာသွေးကျန်ခြင်း၊ ဓမ္မတာနည်းခြင်းတို့ကို သက်သာစေပါတယ်။   

အစေ့မှုန့် ကော်ဖီဇွန်းဝက်ကို ထန်းလျက် ကော်ဖီ ၁ ဇွန်း နဲ့  တနေ့ ၁ ကြိမ် စားသုံးပေးခြင်းက ဓမ္မတာစက်ဝန်းကို ပုံမှန်လည်ပတ်စေပြီး အမျိုးသမီးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

ရေသကျည်းရွက်မှာ ချွေးထုတ်ဆေး အာနိသင်ရှိတာကြောင့် ကိုယ်ပူဖျားနာခြင်းများမှာ အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် အ‌ဖျားကို ကျစေပါတယ်။ 

အမြစ်မှာအဆိပ်ပြေစေတဲ့ အာနိသင်ရှိတာကြောင့် အဆိပ်ရှိ အင်းဆက်ပိုးမွှားများ ကိုက်ခံရခြင်းအတွက် အမြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးပြီး အမြစ်ကို ထုထောင်းပြီး ဒဏ်ရာပေါ်မှာ အုံပေးထားပါ။ 

အဆစ်အမြစ်ရောင်ရမ်းခြင်းများအတွက် အသီးတောင့်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အရွက်ကို ထုထောင်းပြီး ရောင်ရမ်းတဲ့နေရာမှာ အုံပေးနိုင်ပါတယ်။

နာတာရှည်အရေပြားအနာများနဲ့ နှင်းခူအကွက်များမှာ အရွက်ကိုထုထောင်းပြီး လိမ်းပေးနိုင်ပါတယ်။

အရွက်ကို ရေနွေးကြမ်းအဖြစ် တနေ့ ၁-၂ ကြိမ် အသင့်အတင့်သောက်သုံးပေးခြင်းဖြင့် သွေးသန့်စင်ခြင်း၊ အာရုံကြောကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အသားအရေကို ကြည်လင်စေခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။

ရေသကျည်းပင် (ညံပင်)ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ပျို့အန်ခြင်း၊ အနည်းငယ်ဝမ်းပျက်ခြင်း၊ အစာလမ်းကြောင်းဆိုင်ရာ မအီမသာ ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ 

ရေသကျည်းပင်ပွင့်နဲ့ ဓာတ်မတည့်သူများ ရေသကျည်းပင်ထွက်ပစ္စည်းများကို ရှောင်ကြဥ်ပါ။ ရေသကျည်းပင်မှာ သားအိမ်ကို လှုံ့ဆော်တဲ့အာနိသင်ရှိတာကြောင့်  ကိုယ်ဝန်ဆောင်နဲ့ သားသမီးရယူလိုသူ မိခင်လောင်းများ ရှောင်ကြဥ်ပါ။ 

နွေဦးပြည်သူများ ရေသကျည်းပင်(ညံပင်)ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013