
ဗင်နီဇွဲလားနိုင်ငံမှ နာမည်ကြီး အတိုက်အခံခေါင်းဆောင် ဟွမ်န်ပါဘလို ဂွမ်နီပါ ကို အကြမ်းဖက်ရန် ကြံစည်မှုမှာ ဦးဆောင်သူလို့ စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်ထဲရေးဝန်ကြီး ဒီယိုစ်ဒါးဒိုး ကာဘဲလ်ယိုက မေ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရှေ့နေတဦးလည်းဖြစ်ပြီး သက်တမ်းရှည် နိုင်ငံရေးသမားတဦးလည်းဖြစ်တဲ့ ဂွမ်နီပါ ဟာ ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲကတည်းက ပုန်းအောင်းနေခဲ့တာဖြစ်ပြီး သူဟာ လက်ရှိအတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ မာရီယာ ကိုရီနာ မာချာဒို နဲ့ ရင်းနှီးတဲ့ မဟာမိတ်လည်း ဖြစ်ပါတယ်။
“သူဟာ သူ့ကိုယ်သူ ထိတွေ့လို့မရ၊ မမြင်ရတဲ့သူလို့ ထင်နေတာ” လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်တဲ့ကြေညာချက်မှာ ကာဘဲလ်ယိုက ပြောကြားခဲ့ပြီး မျက်နှာဖုံးစွပ် အေးဂျင့်တွေရဲ့ ဖမ်းဆီးခံထားရတဲ့ ဂွမ်နီပါ ရဲ့ ဗီဒီယိုကိုလည်း ပြသခဲ့ပါတယ်။
နိုင်ငံခြားသားတွေ အပါအဝင် လူပေါင်း ၇၀ ကို တနင်္ဂနွေနေ့ ဒေသဆိုင်ရာနဲ့ ဥပဒေပြုရေး ရွေးကောက်ပွဲတွေမှာ တိုက်ခိုက်မှုတွေ လုပ်ဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထားကြောင်းလည်း ကာဘဲလ်ယို က ပြောဆိုပါတယ်။
သူ့ရဲ့အဖမ်းခံရမှုဟာ မနှစ်တုန်းက ဗင်နီဇွဲလားပြည်သူတွေပေးတဲ့ ဆန္ဒမဲတွေကို အစိုးရက ကြောက်ရွံ့နေတာကြောင့်ပဲ ဖြစ်တယ်လို့ ဂွမ်နီပါက X အကောင့်ကနေတဆင့် ပြောထားပါတယ်။
“ညီအစ်ကိုတို့၊ ဒီစာကို ဖတ်နေရတယ်ဆိုရင် ဒါဟာ နီကိုလက်စ်မာဒူရို အစိုးရရဲ့ တပ်ဖွဲ့တွေရဲ့ ပြန်ပေးဆွဲမှုကြောင့်ပဲ။”
မာရာကိုက်ဘိုမြို့ရှိ မြို့တော်ဝန်ရုံးမှာ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဂွမ်နီပါရဲ့ အစ်ကို ပေဒရိုလည်း အကျင့်ပျက်ခြစားမှု စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
အာဏာပိုင်တွေက အတိုက်အခံတွေဟာ အမေရိကန် စတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှု ကျူးလွန်ဖို့၊ သမ္မတ နိကိုလပ်စ် မာဒူရိုကို ဖြုတ်ချဖို့နဲ့ ဗင်နီဇွဲလားရဲ့ မဟာဓာတ်အားလိုင်းကို တိုက်ခိုက်ဖို့တွေကို ပူးပေါင်းကြံစည်နေတယ်ဆိုပြီး ပုံမှန်စွပ်စွဲလေ့ရှိပါတယ်။ အဲဒီစွပ်စွဲချက်တွေကိုလည်း အတိုက်အခံတွေက အမြဲတမ်း ငြင်းဆိုထားပါတယ်။
Source: Reuters