
အာရက္ခတပ်တော် (AA) က စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်လူရွယ်တွေကို ရခိုင်ဒေသရဲ့ ပြင်ပ ထွက်ခွာခွင့်တားမြစ်လိုက်တာက လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။
အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (National Defense Emergency Provision-NDEP) အရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ ရခိုင်ပြည်နယ်က လူငယ်တွေကို ရခိုင်ဒေသရဲ့ ပြင်ပထွက်ခွင့် တားမြစ်လိုက်တယ်လို့ မေ ၂၂ ရက်မှာ အေအေက သတိပေးထုတ်ပြန်ထားပါတယ်။
မတ် ၁၈ ရက်မှာ NDEPကို စတင်ပြဋ္ဌာန်းလိုက်ပြီးနောက် ရခိုင်ပြည်နယ်က လူငယ်တချို့ဟာ အဲဒီအရေးပေါ်ပြဋ္ဌာန်းချက်ကို သေချာနားမလည်ဘဲ တိုင်းပြည်တာဝန်ထမ်းဆောင်မှုကို ရှောင်လွှဲဖို့ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းအားထုတ်နေကြတာကို တွေ့လာရတာကြောင့် အခုလို သတိပေးတားမြစ်ချက် ထုတ်ပြန်ရတာလို့ အေအေ က ဆိုပါတယ်။
စစ်မှုမထမ်းလိုတာကြောင့် ရခိုင်ဒေသရဲ့ပြင်ပကိုထွက်ပြေးသူတွေကို အေအေအနေနဲ့ သွားလာခွင့် ပိတ်ပင်တားမြစ်လိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။
“လူ့အခွင့်အရေးရှုထောင့်က ကြည့်ပြီးပြောမယ်ဆိုရင်တော့ ဒါကမလုပ်သင့်ဘူးလို့ မြင်ပါတယ်။ ပြည်သူလူထုရဲ့ လွတ်လပ်မှုတွေကို ထိခိုက်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့က တော်လှန်ရေးမှာ ပါဝင်ချင်တဲ့လူငယ်တွေလည်းရှိကောင်းရှိမယ။ စစ်မှုထမ်းလိုတဲ့ လူငယ်တွေလည်းရှိသလို မရှိတဲ့ ဆန္ဒမပါတဲ့ လူငယ်တွေလည်းရှိတာကို။ ဒါပေမဲ့ မပါချင်တဲ့သူကို အတင်းအဓမ္မ စစ်သင်တန်း တက်ခိုင်းတာတို့တို့ဆိုရင် တဦးတယောက် ချင်း သဘောဆန္ဒကို ဆန့်ကျင်ပြီးလုပ်ခိုင်းတယ်ဆိုရင်တော့ ဒါလူ့အခွင့်အရေးကို ချိုးဖောက်တာလို့ ပြောလို့ရတယ်။ တကယ်လို့ ဒီမူသာ ကျင့်သုံးနေမယ်ဆိုရင် ရခိုင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိလာနိုင်တယ်။ လူ့အခွင့်ရေးချိုးဖောက်မှုဆိုတာက လူတယောက်ကို သတ်မှ၊ ညှဉ်းပန်းနှိပ်စက်နေမှ မဟုတ်ပါဘူး။”
အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ကုသမှုမပေးနိုင်တဲ့ ပြင်းထန်ရောဂါရှိတဲ့လူနာတွေနဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေကိုတော့ လွတ်လပ်စွာ သွားလာခွင့်ပြုထားပါတယ်။
ရခိုင်ပြည်အတွင်းက နေရပ်စွန့်ခွာလိုသူတွေကို ကုန်းလမ်း၊ ရေလမ်းတွေကတဆင့် အခကြေးငွေယူပြီး သယ်ယူပို့ဆောင်နေသူတွေကိုလည်း တည်ဆဲဥပဒေနဲ့ အရေးယူမှာဖြစ်ပြီး လူကယ်ရီပို့ဆောင်တာ လုံးဝ မလုပ်ရဘူးလို့ သတိပေးတားမြစ်ထားပါတယ်။
ရခိုင်လူငယ်ကိုဟန်က “ဒါတွေကို အသက်သွင်းတဲ့အချိန်မှာ ကျနော်တို့ပြည်သူတွေကို စနစ်တကျ ထုတ်ပြန်ထားဖို့လိုတယ် သေချာချပြထားဖို့လိုတယ်။ ဒါတွေကို သေချာခိုင်ခိုင်မာမာ မချပြတာကြောင့် နောက်ဆက်တွဲအနေနဲ့ မြေပြင်မှာလည်း အတင်းအဓမ္မသဘောသက်ရောက်တဲ့ စုဆောင်းမှုမျိုးတွေကြုံရတယ်၊ နောက်ပြီး ခရီးသွားလာရာမှာလည်း ဖမ်းဆီးခံရပြီးတော့ စစ်သင်တန်းပို့လိုက်ရတာတွေ၊ ဒါတွေက မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ခုဆိုလည်း ရခိုင်ကနေပြင်ပကိုထွက်ဖို့ ပိတ်လိုက်တယ်ဆိုတော့ ထုတ်ပြန်ချက်မှာတော့ ပါပါတယ်၊ ဒီ reason ကြောင့်နဲ့တော့ ပြည်သူတွေကိုပိတ်လှောင်ထားတယ်ဆိုတဲ့ သဘောသက်ရောက် စေတဲ့ လုပ်ရပ်တွေ လုပ်တာကတော့ ကျနော့်အနေနဲ့ လက်ခံဖို့ခက်ခဲပါတယ်။”
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီး ငွေညှစ်တာ၊ ပြန်ပေးဆွဲသလို ဖမ်းဆီးထိန်းသိမ်းတာ၊ ပုဒ်မအမျိုးမျိုးနဲ့ မတရားသဖြင့် ထောင်ချတာ၊ လူသတ်အလောင်းဖျောက်မှု အန္တရာယ်ကနေ ကင်းလွတ်စေဖို့ အခုလို တားမြ စ်လိုက်တာဖြစ်တယ်လို့ AA က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် ရခိုင်ရိုးမ နယ်စပ်တလျှောက် တိုက်ပွဲတွေ ဆက်လက်ရှိနေဆဲ ဖြစ်တာကြောင့် တိုက်ပွဲတွေ အတွင်း ကြားညပ်မသွားစေဖို့နဲ့ လူ ၊ မိုင်း အန္တရာယ်တွေက ကင်းလွတ်စေဖို့ ရည်ရွယ်တယ်လို့ အေအေက ဆိုပါတယ်။
တဘက်မှာလည်း ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးတွေ အတွက်လည်း လူသား အရင်းအမြစ်တွေ လိုအပ်တာကြောင့် အေအေရဲ့လုပ်ရပ်ဟာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဒေသခံ |တက်ကြွလှုပ်ရှားသူတယောက်က “ဒါက လုပ်သင့်တဲ့ကိစ္စလို့ယူဆပါတယ်။ လွတ်မြောက်ဖို့အတွက် တဖက်မှာတိုက်ခိုက်နေတယ်။ တည်ဆောက်ရေးသော်လည်းကောင်း ပြန်လည်ထူထောင်ရေးကာလကိုထိန်းညှိဖို့သော်လည်းကောင်း။ လူသားအရင်းအမြစ်လိုအပ်တာက တကယ့်အရေးကြီးတဲ့ အချက်အချာမှာရှိတယ်။ ဒါကြောင့် လူငယ်တွေနဲ့ ပတ်သတ်တဲ့အခန်းကဏ္ဍကို ပိုပြီးအလေးထားဆောင်ရွက်ဖို့လိုတယ်။ နေရာတွေ တာဝန်တွေ ပေးအပ်ဖို့လိုတယ်။ လိုအပ်တဲ့ ပညာရေးတွေကို တတ်နိုင်သလောက်မြှင့်တင်ပြီးတော့ ရခိုင်ပြည်တည်ဆောက်ရေးမှာ တွေးခေါ်ဖို့ လုပ်ရပ်တွေကိုလည်း ဖန်တီးပေးသင့်တယ်လို့ သုံးသပ်ပါတယ်။ ဒီလိုမျိုးသာဖြစ်မယ်ဆိုရင် ပိုအားကောင်းတဲ့ လွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ် အောက်မှာ ခရီးကို ပိုပြီးအလျင်အမြန် ရောက်နိုင်မယ် ၊ဒီအချက်တွေကို ဖြည့်စည်းပေးရင်တော့ ကောင်းမွန်တဲ့အနာဂတ်ဆီကိုရောက်မယ်လို့ သုံးသပ်ပါတယ်။”
အေအေရဲ့ထုတ်ပြန်ချက်အရ ပြည်နယ်ပြင်ပသွားလာခွင့်မရှိသူတွေဟာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်မှ ၂၅ နှစ် အသက်အရွယ်အတွင်း ရှိတဲ့သူတွေဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ လက်ရှိတိုက်ပွဲ ကြောင့် ဖြစ်ပေါ်နေတဲ့ အရေးပေါ်ကာလ ပြီးဆုံးတဲ့အထိ တားမြစ်တယ်လို့အေအေကဆိုထားပါတယ်။
ကေခိုင်










