
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ရပ်စောက်မြို့မှာ အသက် ၈ နှစ်အရွယ်မိန်းကလေး တယောက်ပျောက်ဆုံး နေတာ ရက်သတ္တပတ်ကြာတဲ့အထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
မေ ၁၆ ရက်က ရပ်စောက်မြို့နယ်၊ ဇော်ဂျီကွေ့ရပ်ကွက်မှာ နေထိုင်တဲ့ ဦးသန်းထွန်း ၊ ဒေါ်မွန်မွန်ဦး ( ခ ) ဒေါ်သဲမွန်တို့ ရဲ့ အသက် ၈ နှစ် အရွယ်ရှိ သမီးငယ် ဖြိုးသန္တာ(ခ)အမွှေစိန်ဟာ အသက် ၁၀ နှစ်အရွယ် အစ်ကိုဖြစ်သူနဲ့အတူ တရားခံလို့သံသယရှိတဲ့ သန့်ဇင်ဦးရဲ့ ခေါ်ဆောင်ရာ တီဗွီအဟောင်းသွားယူဖို့ အင်းခေါင်းကန်သို့ လိုက်ပါသွားရာမှ ပျောက်ဆုံးသွားခဲ့တာပါ။
ကူညီရှာဖွေပေးနေတဲ့ အမျိုးသမီးတယောက်က " မနက် ၇ နာရီလောက်ရှိပြီ သူ့အဖေ မနိုးသေးဘူး။ အဲ့ဒီအချိန်သူတို့နေတဲ့ အိမ်ကို တရားခံ သန့်ဇင်ဦး ရောက်လာပြီး ကောင်မလေးရဲ့ အစ်ကို ကို ‘ငါ တီဗွီအဟောင်းသွားယူဖို့ရှိတယ် မင်းလိုက်မှာလား’ လို့ပြောတော့ ကောင်မလေးက ငိုပြီး သူပါလိုက်မယ်ပြောလို့ ပါသွားတာ။ သူတို့က အင်းခေါင်းကန်ကိုလမ်းလျှောက်သွားကြတာ ဟိုရောက်တော့ ကောင်မလေးက ဗိုက်ဆာတယ်ပြောလို့ သန့်ဇင်ဦးက ကောင်မလေးရဲ့ အစ်ကို ကို ပိုက်ဆံပေးပြီး ဈေးဆိုင်မှာ မုန့်သွားဝယ်ပေးဖို့ ခိုင်းတယ်၊ သူ့အတွက်ပါ ခေါင်ရည်ဝယ်ခဲ့ဖို့မှာ လိုက်သေးတယ်"လို့ပြောပါတယ်။
မုန့်ဝယ်ပြီးပြန်လာတဲ့ အစ်ကိုဖြစ်သူဟာ ညီမဖြစ်သူနဲ့ သန့်ဇင်ဦးကို မတွေ့ရတော့လို့ နာမည်ခေါ်ပြီး အင်းခေါင်းကန်ပတ်လည် လိုက်ရှာတာမတွေ့တဲ့အဆုံး ညနေ ၄ နာရီထိုးမှ အိမ်ပြန်လာပြီးဖခင်ကို ဖြစ်ကြောင်းကုန်စင်ပြောပြတယ်လို့ ဆိုပါတယ်။
ကူညီရှာဖွေပေးနေတဲ့ အမျိုးသမီးတယောက်က "အစ်မတို့ ၁၇ ရက်နေ့မှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလိုက်ရှာကြတယ်။ အခုထိ မတွေ့ဘူး။ တရားခံနဲ့ ဖုန်းပြောရတယ်သူက ပိုက်ဆံ ကျပ် ၁၀ သိန်းနဲ့လာရွေးဖို့ ဟိုနေရာချိန်း ဒီနေရာချိန်းနဲ့ လှည့်ပတ်နေတာ။ သူပြောတဲ့နေရာလိုက်သွားတော့လည်း ထွက်မလာဘူး ပုန်းနေတာ တရားခံက လှည်းတိုးရွာ နားမှာဘဲ ရှိတယ်"လို့ ပြောပါတယ်။
သန့်ဇင်ဦးက အမရပူရမြို့မှ ရပ်စောက်မြို့ကို လာရောက်အလုပ်လုပ်ကိုင်နေတာ ၂ နှစ်ခန့်ရှိပြီး လှည်းတိုးကျေးရွာနဲ့ ဘန်းကွေးရွာမှာ နွားကျောင်းတဲ့အလုပ်နဲ့ ကြက်ခြံအလုပ်အပြင် သံတိုသံစတွေ ကောက်ပြီး ရောင်းဝယ်တဲ့အလုပ်လည်းလုပ်တယ်လို့ သိရပါတယ်။
သန့်ဇင်ဦးဟာ ပျောက်နေတဲ့ ကောင်မလေးရဲ့ မိခင်နဲ့ရင်းနှီးကာ အိမ်အဝင်အထွက်လုပ်နေရာမှ အခုလို ဖြစ်ပွားခဲ့တာပါ။
ဒီကိစ္စမဖြစ်ခင် ရက်ပိုင်းအလိုက သန့်ဇင်ဦးက အိမ်မှာညအိပ်ခွင့်တောင်းတာကို ကောင်မလေးရဲ့အစ်ကိုက ခွင့်မပြုလို့ “ မင်းတို့ ငါ့ကြောင့်မျက်ရည်ကျ ရမယ်”လို့ ခြိမ်းခြောက် ပြောသွားသေးတယ်လို့လည်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
သန့်ဇင်ဦးဟာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ်ရှိပြီး အသားမည်းမည်း၊ ဆံပင်ကောက်ကောက်နဲ့ လည်ပင်းမှာ ငှက်တောင်ပံတတ်တူးထိုးထားတယ်လို့ မြင်တွေ့ဖူးသူတွေက ပြောပါတယ်။