
ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် ၂ ယောက်ကို KTV ကာရာအိုကေမှာ အလုပ်ရမယ်လို့ လိမ်လည်စည်းရုံး ခေါ်ဆောင်သွားပြီး ပြည့်တန်ဆာရုံတခုမှာ ရောင်းစားခဲ့ရာကနေ နောက်ဆုံး ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁၃ ရက်က တောင်ကြီးမြို့နယ်၊ ဘုရားဖြူရပ်ကွက်၊ ရွာသစ်ကုန်းကျေးရွာဘက်မှာ နေထိုင်တဲ့ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၂ ယောက်ဟာ အလုပ်ရှာဖွေဖို့အတွက် ရွှေညောင်မြို့ကို သွားရောက်ခဲ့ကြပါတယ်။
အဲဒီမှာ အလုပ်အကိုင်ရှာဖွေပေးသူ မဆိုဖီယာနဲ့ မမိုးစက် ဆိုတဲ့ အမျိုးသမီး ၂ ယောက်က အေးသာယာမြို့ရှိ KTV တခုမှာ အလုပ်ရအောင် စီစဉ်ပေးမယ်၊ လစာလည်း ကောင်းကောင်းရမယ်လို့ ပြောဆိုစည်းရုံးခဲ့ပြီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ KTV ကို မပို့ဘဲ အေးသာယာမြို့ရှိ ပြည့်တန်ဆာရုံတခုကို ခေါ်သွားကာ အမျိုးသမီးငယ် ၂ ယောက်ကို တယောက် ငွေကျပ်တသိန်းနှုန်းနဲ့ ရောင်းစားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “သူတို့ကို KTV မှာ အလုပ်ရမယ်ဆိုပြီး ခေါ်သွားတာ။ တကယ်တမ်းကျတော့ ပြည့်တန်ဆာခန်းကို ရောင်းလိုက်တာဖြစ်တယ်။ ကောင်မလေးတွေက ရောက်ရောက်ချင်းပဲ အခြေအနေမဟုတ်တာ သိသွားပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာ” လို့ ပြောပါတယ်။
နောက်တနေ့ ဇွန် ၁၄ ရက် မနက်အစောပိုင်းမှာ အမျိုးသမီးငယ်တယောက် ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကူအညီတောင်းခံခဲ့ရာကနေ ကျန်ရှိနေတဲ့ အမျိုးသမီးငယ်တယောက်ကိုလည်း ပြန်လည်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လူမှုကူညီရေးလုပ်ငန်း ဆောင်ရွက်နေသူတယောက်က “အခုလို အလုပ်ရမယ်၊ လစာကောင်းမယ်ဆိုပြီး လူငယ်တွေကို လိမ်ခေါ်သွားတဲ့ ဖြစ်စဉ်တွေ မကြာခဏ ကြားနေရတယ်။ ဒီတခေါက်မှာတော့ ကောင်မလေး ၂ ယောက်စလုံး လွတ်မြောက်လာနိုင်ခဲ့ပေမဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးခြင်း ထိထိရောက်ရောက် အရေးယူခြင်းမျိုးတော့ မတွေ့ရသေးဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပြီး လူကုန်ကူးမှုနဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ဥပဒေတွေအရ အရေးယူ ဆောင်ရွက်သင့်တယ်လို့ ပြောဆိုနေကြပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်အတွင်းကလည်း ပင်လောင်းမြို့နယ်မှ ပအိုဝ်းတိုင်းရင်းသူ ၁၄ ယောက် မူဆယ်ဒေသမှာ လူကုန်ကူးခံရခဲ့ပြီး ၁၂ ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ ကျန် ၂ ယောက်မှာ အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ပါတယ်။










