
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းကြောင့် ပိုဆိုးလာတဲ့ မုတ်သုံမိုးက သည်းသည်းထန်ထန် ရွာအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ လူ ၅၁ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။
နိုင်ငံရဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဝန်ကြီးဌာနရဲ့ အဆိုအရ မိုးသည်းလို့ ဇူလိုင် ၁၂ ရက်မှာ ရေလွှမ်းမိုးမှုအတွင်း လူ ၁ သန်းကျော် ပိတ်မိနေခဲ့ပါတယ်။
ဘန်ဒါဘန်တောင်တန်းခရိုင်မှာ အဝေးပြေးလမ်းမကြီးတွေ ရေနစ်မြုပ်ပြီး မြေပြိုလို့ အဓိက လမ်းကြောင်းတွေ ပိတ်ဆို့သွားတဲ့အတွက် နိုင်ငံတဝန်း လမ်းပန်းဆက်သွယ်ရေး အပြင်းအထန် ပြတ်တောက်သွားခဲ့ပါတယ်။
မြစ်ရေလျှံမှုကြောင့် ပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းခဲ့ပြီး ရွာသား အမြောက်အမြားလည်း သူတို့ရဲ့ အိမ်တွေကို စွန့်ခွာခဲ့ရပါတယ်။
သေဆုံးမှုအများစုက တောင်တန်းခရိုင်တွေမှာ မြေပြိုလို့ဖြစ်ပြီး တချို့ကတော့ တောင်ကျရေတွေနဲ့ ဆက်စပ် သေဆုံးတာပါ။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ ရေကြီးရေလျှံမှု နည်းနည်းကျဆင်းလာတာနဲ့အမျှ ဒေသခံတွေက ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်ဖို့ အပြေးအလွှား ဆောင်ရွက်ခဲ့ကြပါတယ်။
အိမ်တွေပျက်စီးပြီး ပစ္စည်းတွေလည်း ရေထဲ မျောပါ ပျက်စီးကုန်တာ တွေ့ရပါတယ်။ စေတနာ့ဝန်ထမ်းတွေက ထိခိုက်နစ်နာတဲ့ ရပ်ရွာတွေကို ကူညီဖို့ ၂၄ နာရီလုံးလုံး လုပ်ဆောင်ခဲ့ကြပါတယ်။
ပိတ်မိနေတဲ့ ဒေသခံတွေဆီ ပူပူနွေးနွေး အစားအစာတွေနဲ့ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းတွေ ဝေငှပေးခဲ့ကြပါတယ်။
တောင်တန်းခရိုင်တွေက ဝေးလံခေါင်သီတဲ့ဒေသ အမြောက်အမြားမှာ လုံလောက်တဲ့ အကူအညီတွေ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Source: Reuters










