
ဘရာဇီးနိုင်ငံရဲ့ ရာဇဝတ်ဂိုဏ်းကြီးတခုဖြစ်တဲ့ ပရီမေရိုကိုမန်ဒိုဒါကက်ပီတယ်လ် (PCC) ရဲ့ ခေါင်းဆောင်တူးတာလို့ လူသိများတဲ့ မူးယစ်မှောင်ခိုခေါင်းဆောင် မားကို့စ် ရောဘတ်တို ဒီအယ်လ်မိုက်ဒါကိုဘိုလီးဗီးယားမှာ ဖမ်းမိပြီးနောက် ဘရာစီလီယာမြို့တော်ရှိ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက မေ ၁၉ ရက်မှာ ပြောပါတယ်။
ဘရာဇီး တရားရေးဝန်ကြီး ရီကာဒို လီဝမ်ဒေါစကီးရဲ့ ပြောကြားချက်အရ ဘရာဇီးမှာ ရာဇ၀တ်မှု ကျူးလွန်ဖို့ အသင်းဖွဲ့စည်းမှု၊ ရာဇဝတ်ဂိုဏ်း တည်ထောင်မှုနဲ့ ငွေကြေးခဝါချမှုအတွက် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ တူးတာကို ဖမ်းဆီးမိရေး အရှိန်မြှင့်ဖို့အတွက် ဘိုလီးဗီးယားအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကနေ ဘိုလီးဗီးယားနိုင်ငံကနေ နှင်ထုတ်ဖို့ ဆုံးဖြတ်ချက် ချဖြစ်ခဲ့ကြောင်း သိရပါတယ်။
တရားရေးဝန်ကြီး ရီကာဒို လီဝမ်ဒေါစကီးက “သူဟာ တခြားနိုင်ငံမှာ အကျဉ်းသားဖြစ်နေတာကြောင့် သမ္မတကို ချက်ချင်း အကြောင်းကြားခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၁၆ ရက် သောကြာနေ့မှာ သမ္မတက နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြားလိုက်ပြီးတော့ ဒီရာဇ၀တ်ကောင်ကို ဘရာဇီးကို ခေါ်ဆောင်ဖို့ စေ့စပ်ညှိနှိုင်းမှုမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာ” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါး မှောင်ခိုကူးသူ တူးတာဟာ ၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီး အင်တာပိုလ်ရဲ့ အလိုရှိသူ အနီစာရင်း ပါဝင်ခဲ့ပေမဲ့ ဘရာဇီး စာရွက်စာတမ်းအတုကိုသုံးပြီး အိမ်နီးချင်းနိုင်ငံမှာ သူ့ရဲ့ နိုင်ငံခြားသားမှတ်ပုံတင်ခြင်းကို သက်တမ်းတိုးဖို့ ကြိုးစားချိန် ဘိုလီးဗီးယားမှာ အဖမ်းခံခဲ့ရတာပါ။
ဖက်ဒရယ်ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အန်ဒရေ မိရယ်လိစ်ရဲ့ ပြောကြားချက်အရ ဖက်ဒရယ်ရဲတပ်ဖွဲ့နဲ့ အင်တာပိုလ်အကြား အပြန်အလှန် ဝေမျှထားတဲ့ ဘိုင်အိုမက်ထရစ် အချက်အလက်တွေကနေ တူးတာကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
သူ့ကို ဖမ်းဆီးပြီးတော့ အစိုးရ ၂ ရပ်အကြား ဆွေးနွေးညှိနှိုင်းမှုအပြီးမှာ PCC ခေါင်းဆောင် တူးတာကို ကိုရမ်ဘာမြို့ ဖက်ဒရယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းခဲ့ပြီး အဲဒီကနေ ရဲလေယာဉ်နဲ့ ဘရာစီလီယာကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
Source: Reuters