DVB Logo
Home
မြန်မာသတင်း
စစ်သုံ့ပန်း မိသားစုဝင်နှင့် လက်နက်ချသူ ၁,၂၀၀ ကျော်ကို AA ပြန်လွှတ်ပေး
DVB
·
May 21, 2025
စစ်သုံ့ပန်း မိသားစုဝင်နှင့် လက်နက်ချသူ ၁,၂၀၀ ကျော်ကို AA ပြန်လွှတ်ပေး
Donate to DVB

ရခိုင်တိုက်ပွဲအတွင်း အာရက္ခတပ်တော်ထံ (AA)ထံ လက်နက်ချ အလင်းဝင်သူနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်း မိသားစုဝင်ပေါင်း ၁,၂၃၂ ယောက်ကို မေ ၁၈ ရက်ကနေ ၂၀ ရက်အထိ ၃ ရက်အတွင်းမှာ ပြန်လည်လွှတ်ပေးလိုက်တယ်လို့ အာရက္ခတပ်တော်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လွှတ်ပေးလိုက်တဲ့အထဲမှာ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်မြို့နယ်တို့က စစ်သုံ့ပန်း မိသားစုဝင်တွေနဲ့ မောင်တောမြို့နယ်က လက်နက်ချ အညံ့ခံကြသူတွေဖြစ်ကြပြီး ကလေး၊ အမျိုးသမီးနဲ့ အမျိုးသားတွေလည်း ပါဝင်ကြတာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

AA နဲ့ နီးစပ်သူတယောက်က “ဒီရက်ပိုင်း စစ်သုံ့ပန်းမိသားစုဝင်တွေနဲ့ လက်နက်ချသူ စုစုပေါင်း ၁,၂၃၂ ဦးကို သူတို့ရဲ့ မိသားစုဝင်တွေ လက်ထဲကို လွှဲပေးလိုက်တာရှိတယ်။ မင်းပြား၊ မြောက်ဦးနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာတော့ စစ်သုံ့ပန်း မိသားစုဝင်တွေ ဖြစ်ကြပြီးတော့ မောင်တောမှာတော့ တိုက်ပွဲအတွင်း လက်နက်ချ အလင်းဝင်ကြသူတွေ ဖြစ်ကြတယ်။ သူတို့ကို မိသားစုဝင်တွေရဲ့ လက်ကို အခမ်းအနားတွေနဲ့ စနစ်တကျ လွှဲပေးလိုက်တာဖြစ်ပြီးတော့ ရပ်ဝေးကသူတွေဆိုရင် လမ်းစရိတ်တွေပါ ထောက်ပံ့ပေးလိုက်တာရှိတယ်” လို့ ပြောပါတယ်။

လွှတ်ပေးလိုက်တဲ့အထဲမှာ မေ ၁၈ ရက်က မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၉၇ ယောက်၊ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၁၄ ယောက်၊ မေ ၁၉ ရက်မှာ မောင်တောမြို့သိမ်းတိုက်ပွဲမှာ လက်နက်ချ အလင်းဝင်သူ ၃၂ ယောက်နဲ့ မေ ၂၀ ရက်က မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၄၉၇ ယောက်တို့ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်သုံ့ပန်းမိသားစုဝင်တွေကိုလည်း အသုတ်လိုက် မကြာခဏ လွှတ်ပေးမှုတွေကို ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်သူတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်မှုတွေကို ပြုလုပ်နေပေမဲ့လည်း အာရက္ခတပ်တော်က သူတို့ရဲ့ မိသားစုဝင်တွေကို ပြန်လွှတ်ပေးနေတာဟာ အာရက္ခတပ်တော်ရဲ့ လူသားဆန်မှုကို ပြသနေတာဖြစ်တယ်လို့ ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတယောက်က ပြောပါတယ်။

“ရခိုင်မှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေချိန်တောင် AA ဘက်က စစ်ကောင်စီရဲ့ မိသားစုဝင်တွေကို ဆက်တိုက် လွတ်ငြိမ်းတွေ ပေးနေတာရှိတယ်။ အဓိက AA မှာ အငြိုးတွေမရှိဘူး။ စစ်ကို စစ်နဲ့တူအောင် တိုက်နေတာဖြစ်တယ်။ စစ်နဲ့မဆိုင်တဲ့ မိသားစုဝင်တွေကို အန္တရာယ်ဖြစ်အောင် မလုပ်ဘူး။ ဒီဟာ လူသားဆန်မှုကို ပြသလိုက်တာဖြစ်တယ်။”

၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၁၀၀ ကျော်အထိ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ရခိုင်တိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး လက်ရှိ ကျောက်ဖြူမြို့နယ်မှာ  တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013