
တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထိုင်ဝမ်က ဆန္ဒရှိတယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ထပ်မံပြောပါတယ်။
လိုင်ချင်းတယ်ဟာ သမ္မတသက်တမ်း တနှစ်ပြည့်ပြီးနောက် တရုတ်နဲ့ဆွေးနွေးဖို့ ပြောဆိုခဲ့ပေမဲ့ ထိုင်ဝမ်ကျွန်းရဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ဆက်ပြီး အင်အားဖြည့်တင်းမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက လိုင်ကို ခွဲထွက်ရေးသမားတယောက်လို့ သတ်မှတ်ထားပြီး သူ့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ဖူးပါတယ်။
ဒီမိုကရေစီစနစ် ကျင့်သုံးပြီး သီးခြားအစိုးရအဖြစ် နေထိုင်တဲ့ ထိုင်ဝမ်ကို တရုတ်က ပိုင်ဆိုင်တယ်ဆိုတဲ့ ပြောဆိုမှုကိုလည်း လိုင်က ပယ်ချထားပြီး ထိုင်ဝမ်ပြည်သူတွေက သူတို့ရဲ့ အနာဂတ်ကို သူတို့ ဆုံးဖြတ်နိုင်တယ်လို့ ပြောထားပါတယ်။
တရုတ်နိုင်ငံက နှစ်ပတ်လည်အဖြစ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နိုင်ကြောင်း ထိုင်ဝမ်အစိုးရက သတိပေးထားပြီး တရုတ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း လိုင်က သမ္မတရုံးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ငြိမ်းချမ်းရေးက တန်ဖိုးဖြတ်လို့မရပါဘူး။ စစ်ဖြစ်ရင် ဘယ်သူမှ အနိုင်ရမပါဘူး။ ကျနော်ကတော့ ငြိမ်းချမ်းချင်ပါတယ်။ ငြိမ်းချမ်းရေးအကြောင်း ပြောနေတာ အိပ်မက်ဆန်တာတို့ စိတ်ကူးယဉ်ဆန်တာတို့ မဟုတ်ပါဘူး” လို့ လိုင်က ပြောပါတယ်။
ထိုင်ဝမ်နိုင်ငံဟာ စစ်ပွဲအတွက် ကာကွယ်ရေးအင်အားကို ဖြည့်တင်းနေပြီး ဒီလိုအင်အင်းဖြည့်တာက စစ်ကို အကောင်းဆုံးရှောင်ရှားတာ ဖြစ်ကြောင်းလည်း လိုင်က ထပ်မံ ပြောဆိုခဲ့ပါသေးတယ်။
“ကျနော် ဒီနေရာက ထပ်ပြောချင်တာက ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ ကာလရှည် ကုန်သွယ်မှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်တဲ့ အပြန်အလှန် လေးစားမှုတွေ ထားရှိတာကို ပျော်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်မှုအစား ဆွေးနွေးမှုကို အစားထိုးမယ်၊ ဖိအားပေးမှုတွေကို ဖလှယ်မှုတွေနဲ့ အစားထိုး အသုံးပြုမှာပါ” လို့ လိုင်က ပြောခဲ့တာဖြစ်ပါတယ်။
ထိုင်ဝမ်သမ္မတရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်အရေးရုံးက မှတ်ချက်ပေးတာမျိုး မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့အပတ်ကတော့ တရုတ်ကာကွယ်ရေးဝန်ကြီးက လိုင်ဟာ ထိုင်ဝမ်ကို အကျပ်အတည်းတွေ ဖြစ်အောင် လုပ်ဆောင်သူလို့ ပြောဆိုထားပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ဟာ အမေရိကန်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုနဲ့လည်း ရင်ဆိုင်နေရပေမဲ့ ကုန်သွယ်မှုချောမွေ့ရေး ဆွေးနွေးသွားမယ်လို့ ပြောထားပါတယ်။
ထိုင်ဝမ်အစိုးရဟာ နည်းပညာနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မှာ ဖြစ်ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းတွေ အားကောင်းစေဖို့ အစိုးရက ဦးဆောင်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လည်း ရည်ရွယ်ထားတာ တွေ့ရပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့လက ထိုင်ဝမ်ကျွန်း ပတ်လည်မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
လိုင် သမ္မတအဖြစ် တာဝန်ယူတဲ့ ၂၀၂၄ မေလတုန်းကလည်း စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး အောက်တိုဘာလမှာလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာလည်း တရုတ်လေယာဉ် ၆ စင်းနဲ့ စစ်သင်္ဘော ၁၁ စင်းတို့ ထိုင်ဝမ်ကျွန်းနားမှာ တွေ့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
Source: Reuters