DVB Logo
Home
မြန်မာသတင်း
မော်ဖိုးကေစခန်းကို KNU ပူးပေါင်းတပ်များသိမ်းပိုက်၊ စစ်ဘေးရှောင် ၂၀၀ ခန့် ထိုင်းဘက်ထွက်ပြေး 
DVB
·
May 20, 2025
မော်ဖိုးကေစခန်းကို KNU ပူးပေါင်းတပ်များသိမ်းပိုက်၊ စစ်ဘေးရှောင် ၂၀၀ ခန့် ထိုင်းဘက်ထွက်ပြေး 
1 / 8
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့အနီး စစ်ကောင်စီတပ်စွဲထားတဲ့ မော်ဖိုးကေစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ  KNLA တပ်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက မေ ၁၉ ရက်ညမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒေသခံ ၂၀၀ ကျော်လောက် ထိုင်းဘက်ကို နယ်စပ်ဖြတ်ကျော် စစ်ဘေးရှောင်ထွက်ပြေးလာတယ်လို့  ထိုင်းစစ်တပ် သတင်းရင်းမြစ်ကနေ သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်နဲ့  ကိုက် ၂၀၀ လောက်သာဝေးတဲ့ မော်ဖိုးကေ တပ်စခန်းကို မေ ၁၉ ရက် မွန်းလွဲ ၁ နာရီလောက်မှာ KNLA လက်အောက်ခံ ပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ပြီ ညပိုင်းမှာပဲ အချိန်နာရီပိုင်းအတွင်း  သိမ်းယူနိုင်ခဲ့တာပါ။

ရှေ့တန်းသတင်းရင်းမြစ်က “အဓိကက နယ်စပ်တွေ ကင်းစင်သွားပြီးဆိုရင် အထဲမှာ အင်နဲ့အားနဲ့ ပိုလုပ်နိုင်ပြီ။ နယ်စပ်မှာ ရှိနေသမျှက နောက်ကျောမလုံတဲ့အနေအထားမျိုးတွေရှိတယ်။ နယ်စပ်တွေ ပြီးသွားရင်တော့ အရှေ့ကိုဆက်ဖို့အတွက် အားအင်တွေပိုကောင်းလာမှာပေါ့။ စုဖွဲ့မှုတွေ ပိုကောင်းလာမယ်။ အခုက နေရာက ပြန့်ကျယ်နေတဲ့အခါကျတော့ ဟိုမှာလည်း လိုအပ်ချက်ရှိတယ်။ ဒီမှာ လိုအပ်ချက်တွေရှိမယ်။ ဟိုဖြည့်ရ ဒီဖြည့်ရနဲ့ဆိုတော့ အလုပ်လုပ်ရတာတွေ ထင်သလောက် ခရီးမပေါက်တာတွေရှိတယ်”လို့ ပြောပါတယ်။

မော်ဖိုးကေ တပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်နဲ့ အခြေချတပ်စွဲနေတာပါ။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီတပ်က စခန်းထဲကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့်  ကျော်ကေ့ထရွာမှာ နေအိမ်မီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့်  ဒေသခံပြည်သူတွေ ရာနဲ့ချီ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဋ္ဌ နော်ကညောဖောက “အခုလောလောဆယ်တော့ သူတို့ ထွက်ပြေးလာရတဲ့အချိန်မှာ အခက်အခဲများစွာနဲ့ သူတို့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့လို့ သူတို့ထွက်ပြေးလာတော့ ထိုင်းနယ်စပ်ဘက်ကို ဖြတ်ကျော်ဖို့ဟာ သူတို့အတွက် အခက်အခဲရှိတယ်။ ထိုင်းတွေလည်း ပိတ်ထားတာရှိတယ်။ အခုအချိန်မှာ ဒီလိုတိုက်ပွဲတွေဖြစ်နေတော့ ပြန်ဖို့ကလည်း မရဲဘူး။ အခြေအနေတွေကလည်း ဆိုးနေတဲ့အချိန်ဖြစ်တယ်”လို့ ပြောပါတယ်။ 

KNU တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ်၊ ဒေါနတောင်တန်း အရှေ့ခြမ်း ထိုင်းနယ်စပ်တလျှောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူးစခန်း၊ တာလယ်ဗျူဟာနဲ့ မယ်လစခန်းတို့ကို KNLA တပ်တွေနဲ့  ပူးပေါင်းတပ်တွေက သိမ်းယူပြီးဖြစ်ပါတယ်။

မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံပိုင်နက်မြေပေါ် လက်နက်ကျည်တွေ ဝင်ရောက်လာမှာနဲ့ လက်နက်ကိုင်တပ်တွေ ထိုင်းနယ်ဘက်ကို မကျူးကျော်လာရေးအတွက် ထိုင်းစစ်တပ်က လုံခြုံရေးတင်းကျပ် စောင့်ကြည့်နေပါတယ်။

ထိုင်းနိုင်ငံဘက်ကို ယာယီစစ်ရှောင်ဝင်ရောက်လာသူတွေကိုတော့ ထိုင်းစစ်တပ်နဲ့ ဌာနဆိုင်ရာတွေက လူသားချင်းစာနာမှုနဲ့ ကျန်းမာရေးစစ်ဆေးပေးတာ၊ ဆေးဝါးနဲ့  အစားအစာတွေ ကူညီ ဆောင်ရွက်ပေးနေပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013