
တော်လှန်ရေးကာလအတွင်း အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ် အနစ်နာခံပြီး ကိုယ်တက်မြောက်ထား တဲ့ ဆေးပညာရပ်နဲ့ စစ်ဘက်၊ အရပ်ဘက် ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်နေကြတဲ့ သူနာပြုအားလုံးကို အထူးဂုဏ်ပြုပြီး ဂါရဝပြုတယ်လို့ မေ ၁၂ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့မှာ AA ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA) က ဦးဆောင်ပြီးတော့ ရက္ခိတလမ်းစဉ် အကောင်အထည် ဖော်နိုင်ရေးအတွက် တော်လှန်ရေးတရပ် ဆင်နွှဲနေကြစဉ်မှာ ရခိုင်ပြည်သူတွေ အနေနဲ့ ကိုယ်တက်မြောက်ထားတဲ့ ပညာ၊ ကာယ၊ ဉာဏ အစရှိတဲ့ ပုံစံအမျိုးမျိုးနဲ့ ပူးပေါင်းပါဝင် နေကြတယ်လို့ ပြောထားပါတယ်။
လက်ရှိအချိန်မှာ တော်လှန်ရေးကာလကို ဖြတ်သန်းနေတဲ့ ကာလဖြစ်တာနဲ့အညီ ရခိုင်ပြည်သူတွေက ပေါက်ဖွားလာတဲ့ စစ်ဘက်၊ အရပ်ဘက်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ သူနာပြုတွေဟာ ရှေ့တန်းစစ်မြေပြင်နဲ့ အရပ်ဘက် ဆေးရုံး၊ ဆေးခန်းတွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေအောက်က ရဲရင့်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင် နေကြတာလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ အာရက္ခပြည်သူတွေနဲ့ အနီးကပ်ဆုံး ရှေ့တန်း စစ်မျက်နှာပြင်တွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တာဝန် ထမ်းဆောင်နေကြတဲ့ အာရက္ခသူနာပြုတွေ၊ နွေဦးတော်လှန်ရေးထဲက သူနာပြုတွေ၊ ကမ္ဘာနဲ့ မြန်မာပြည်အရပ်ရပ်ရှိ သူနာပြုတွေ အားလုံးကို အထူးဂုဏ်ပြု မှတ်တမ်းတင်ရှိတယ်လို့ ပြောထားပါတယ်။
ရခိုင်ပြည်က သူနာပြုတွေဟာ ကျန်းမာရေးကဏ္ဍရဲ့ အဓိကမဏ္ဍိုင်ကြီးတရပ်ဖြစ်တဲ့အလျောက် အခက်ခဲပေါင်းစုံတွေကြားက ပြည့်သူကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ရဲဝံ့သတ္တိရှိစွာနဲ့ ပြည်သူလူထုတွေကို စေတနာ၊ ကရုဏာ၊ သူနာပြုစိတ်ထားအပြည့်နဲ့ ပြုစုစောင့်ရှောက်မှုတွေကြောင့် ရခိုင်ပြည်သူတွေရဲ့ အသက်ပေါင်းများကို ကုသ၊ ကယ်တင်နိုင်ခဲ့ပြီလို့လည်း ပြောထားပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ အာရက္ခသူနာပြုတွေရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မာလာစေဖို့ နဲ့ လုပ်ငန်းခွင် ဘေးကင်လုံခြုံမှုရှိစေဖို့အတွက် ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့၊ရွာတွေဟာ ဆေးရုံး၊ ဆေးခန်းတွေကို ဆက်တိုက်လေကြောင်းတိုက်ခိုက်နေပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက မြောက်ဦးခရိုင်ဆေးရုံ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်သေဆုံးမှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။











