Home
ဆောင်းပါး
တော်လှန်ရေးကာလ နားနဲ့ဖတ်ရတဲ့ ဆိုင်းဘုတ်တွေအကြောင်း
DVB
·
April 1, 2025

လမ်းညွှန်ဆိုင်းဘုတ်တွေဆိုတာ စာနဲ့ရေး ပုံတွေဆွဲပြီး မြင်သာတဲ့နေရာမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့ရအောင် ထားကြတယ်မဟုတ်လား။ ဒီတော်လှန်ရေးကာလမှာတော့ ဆိုင်းဘုတ်ပုံစံအသစ် တမျိုး ပေါ်လာတယ်။ နားရွက်နဲ့ ဖတ်ရတဲ့ ဆိုင်းဘုတ်တွေပေါ့။

တခါတလေကျ မရေးထားတဲ့ ဆိုင်းဘုတ်ကို မြင်အောင် ဖတ်တတ်ရသေးတယ်။ လူသွားလူလာ၊ လမ်းအနေအထား၊ ကျေးငှက်သာရကာ၊ တောကောင်လေးတွေရဲ့အသံ၊ ပတ်ဝန်းကျင် ပြောင်းလဲမှုတွေဟာ စာသားနဲ့ ရေးမထားပေမဲ့ အမြင်နဲ့ဖတ်ရမယ့် သတိပေးဆိုင်းဘုတ်တွေ။ ခုဆိုရင် လူတွေဟာ နားရွက်နဲ့ဖတ်ရမယ့် ဆိုင်းဘုတ်တွေကို ကျွမ်းကျွမ်းကျင်ကျင် ဖတ်တတ်လာသလို စာမပါ လမ်းညွှန်မထားတဲ့ ဆိုင်းဘုတ်တွေကို အမြင်နဲ့ တော်တော်ဖတ်တတ်ခဲ့ပြီ ဆိုရင် မမှားပါဘူး။ စစ်ဝတ်စုံမြင်တိုင်း သွားကြောက်စရာမလိုသလို ပြေးဝမ်းသာလို့မရတဲ့ အခြေအနေမှာ မြင်နေကျ မြင်ကွင်းတခုလို သဘောထားပြီး မယုတ်မလွန် သိက္ခာလေးနဲ့ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းတတ်လာကြပြီ။ မြင်နေရပြီ ဆိုတာကိုတောင် နားရွက်နဲ့ အတည်ပြုတတ်ရတဲ့ အတတ်ပညာမျိုးနဲ့ ယဥ်ပါးခဲ့ပြီ။ ဒါဟာ တော်လှန်ရေးတပ်ဘက်နဲ့ စစ်ကောင်စီ နှစ်ဖက် ဝင်ထွက် ဖြတ်သန်းတတ်တဲ့ နှစ်ဖက် လက်နက်ကိုင်တွေနဲ့ မကင်းတဲ့ ဒေသက ပြည်သူတွေရဲ့ ဆင့်ကဲ ပြောင်းလဲမှုတွေထဲက တခုပါပဲ။ မမြင်ရချိန်မှာ နားရွက်နဲ့ဖတ်တတ်တဲ့ အတတ်ပညာလည်း အသက်နဲ့ကိုယ် အိုးစားမကွဲရေး အဓိဋ္ဌာန်ကို အထောက်အမပြုရတဲ့ အချက်ပဲလေ။ သတိမမူရင် ဂူတောင်မမြင်ဘူး။ သတိမူရင်တော့ မြူကိုတောင် သေချာတွေ့နိုင်တယ် မဟုတ်လား။ တကြိမ်တလေမှာတော့ သတိထားနေရင်းက အသံတိတ် လက်နက်ပုန်းတွေဟာ အသက်ကို နုတ်ယူသွားတတ်သေးတယ်လေ။ ဟေး ငါတို့က တဖက်တည်းနော်ဆိုပြီး ဝမ်းသာအားရ သွားနှုတ်ဆက်ပြီးမှ ငါတို့ အစိမ်းမဟုတ်တာနဲ့ အဖမ်းခံရပြီး ပြန်လွတ်လာတာဆိုတဲ့သူရှိသလို PDF ဟ ဆိုပြီး သွားပြုံးပြရင်း စစ်တပ်ကဖြစ်နေလို့ လမ်းပြလိုက်သွားရတယ် ဆိုတာမျိုး။ မြင်နေရင်တောင် နားရွက်နဲ့ ဖတ်တတ်ရသေးတာ။ ရှေ့မှာ ဘယ်သူတွေ ရှိနေတယ်ဆိုတဲ့ သတင်းကို နားမစွင့်မိတာကြောင့်။

၁။ မရေးထားတဲ့ ဆိုင်းဘုတ် တခုနဲ့ တွေ့ဆုံခြင်း (အမြင်နဲ့ ဖတ်ရန်)

နေပူပူနေ့လယ်ပိုင်း အင်တိုင်းတောတခုမှာ သားအမိနှစ်ယောက် ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်ပြီး ဖက်ရွက်တွေကို သေချာကြည့်တယ်။ အမေ ဒီဖက်ရွက်က တခြား ဖက်တွေထက် ထူးထူးဆန်းဆန်း ပိုဝါနေတယ်။ သမီးဖြစ်သူရဲ့အပြောကို အမေဖြစ်သူက ဂရုစိုက်နားထောင်ရင်း မြေကြီး အနေအထားကို ကြည့်လိုက်တယ်။ ပုံမှန်မဟုတ်ဘူး။ မိုင်းထောင်ထားတာပေါ့။ နဖူးက ထွက်လက်စချွေးက မွေးညင်းပေါက်တွေ ပွင့်ထွက်သွားသလား ထင်ရအောင် ဒလဟော စီးကျလာခဲ့။ အင်တိုင်းတောကြားက သင်္ချိုင်းမြေပေမဲ့ ဟင်းရွက်ခူး၊ ဖက်ကောက်၊ မျှစ်ရှာ၊ မှိုနုတ်၊ အင်ဥတူးနဲ့ စိတ်ချလက်ချ နင်းချသွားလာခဲ့တဲ့ နေရာက ခုတော့ သေမင်း ငုတ်တုတ်ထိုင်စောင့်နေသလို ချောက်ချားစရာနေရာအဖြစ် ပြောင်းလဲခဲ့ပြီ။ ဟိုအရင်က ဒီအင်တိုင်းတောတွေဟာ ဝမ်းစာရေးအတွက် အဖြေဖြစ်ခဲ့ပေမဲ့ ခုတော့ သေမြေဖြစ်လာပြီ။ အင်တိုင်းတောတိုးရင်း ရောက်လာတတ်တဲ့ သင်္ချိုင်းမြေဟာ အသုဘပို့ဖို့တောင် စိတ်ချလုံခြုံမှုမရှိတော့တဲ့နေရာ ဖြစ်သင့်ပါရဲ့လားပေါ့။ အသုဘချဖို့ နှစ်ဖက်စလုံးကို အကြောင်းကြား။ နီးတဲ့နေရာ ကျင်းတူးမြေချနဲ့။ ရွာသားတွေ ကျေးဇူးပြုပြီး ဒီလမ်းကနေ မဖြတ်ကြသေးနဲ့နော်လို့ မေတ္တာရပ်ခံထားတဲ့ လမ်းတွေပေါ်က မမြင်ရတဲ့ ဆိုင်းဘုတ်တွေကို နားရွက်နဲ့ ဖတ်ဖူးခဲ့ပြီလား။ မဖတ်ဖူးသေးဘူးဆိုရင် သင်မရောက်ဖူးတဲ့ ဒေသနဲ့ ကိုယ်နဲ့အကျွမ်းတဝင် မရှိတဲ့နေရာမှာ ဒေသခံတွေဆီက ဖတ်ပါ။ သူတို့ပြောတဲ့စကားဟာ ရေးထားလို့ မရတဲ့ ဆိုင်းဘုတ်တွေရဲ့ သတိပေးစာသား၊ သတိပေးဆိုင်းဘုတ်တွေ ဖြစ်ပါတယ်။ ဒါဟာ ရန်သူကို ကြိုဆိုဖို့ ရည်ရွယ်ထားတဲ့ တစုံတရာရှိကြောင်း အသိပေးတာပါ။ သင့်နားနဲ့ ဖတ်ရပါမယ်။

ဒီလို မဖတ်မိရင်တော့ သင် မသိလို့ပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ရန်သူကို ရည်ရွယ်ထားတဲ့ အာလူးတွေ ထပေါက်ကွဲတဲ့အခါ အသိပေးထားတဲ့သူတွေက သင့်ကို ဆုံးဖြတ်ချက်တခု ချပေးပါလိမ့်မယ်။ ဒါကို ဒဏ်ကြေးလို့ မယူဆဘဲ မေတ္တာကြေးနဲ့ အစားထိုးဖို့ အာလူးမျိုး ပြန်လှူတယ်လို့ပဲ ခံယူပေးကြဖို့ ပြည်သူအချင်းချင်း လက်တို့ရမယ်။ လူဆိုင်းဘုတ် လုပ်ရပါမယ်။ လှူသူ ကူသူ ရေကုန်ရေခန်းဖြစ်နေပြီ မဟုတ်လား။ ငါတို့နိုင်မှ ဖြစ်​မယ်ဆို။

၂။ မမြင်ရဘဲ စိုက်ထူထားတဲ့ ဆိုင်းဘုတ်။ (နားရွက်နဲ့ ဖတ်ပါ)

၂၀၂၅ ရဲ့ နှစ်ဦးလွန်ကာလခုမှာ အမျိုးသမီး ၃ ယောက်ဟာ ဖတ်ရမယ့် ဆိုင်းဘုတ်ကို အမှတ်တမဲ့နဲ့ မဖတ်မိလိုက်ကြဘူး။ ပြည်ထောင်စုလမ်းမကြီးနဲ့ မဝေးတဲ့ ဧရာဝတီမြစ်ဘေးက ခရိုင်မြို့လေး တခုဟာ လမ်းကြော ဖြတ်တောက်မှုဒဏ် လမ်းကြေးပေးဆောင်မှုတွေကြောင့် ကြီးမြင့်လွန်းတဲ့ ကုန်ဈေးနှုန်းကို အန်တုဖို့ ထွက်လာခဲ့တယ်။ တကယ်က ရှိတဲ့ရင်းမြစ်ကို အသုံးချရတတ်၊ ရှိတဲ့ရင်းမြစ်ကနေ အစားအစာကို ရှာဖွေတတ်တဲ့ သူတို့က ရွာနဲ့ အတန်ငယ်လှမ်းတဲ့ ချောင်းက ခရုကောက်ဖို့ ထွက်လာတာပါ။ ဓာတ်ဆီဈေးနှုန်းတွေကို ဝင်ငွေက မလိုက်နိုင်လာတဲ့ အနေအထားမှာ ဖြတ်လမ်းတွေ ဆီကုန်သက်သာမယ့် နည်းလမ်းပေါင်းစုံကို စဥ်းစားရတယ် မဟုတ်လား။ လာဟေ့။ ဒီဖြတ်လမ်းက လူရှင်းတယ်။ မြန်တယ်ပေါ့။ ခရုကို အရှင်ပဲ နို့ဆီဘူးနဲ့ ချိန်ရောင်းမလား၊ ခရုဆန်လှော်ရောင်းတဲ့သူဆီ ဖောက်သည်သွင်း အိမ်စားဝေယူ စသဖြင့် သူတို့အတွေးလေးတွေ ရှိတယ်လေ။ အဲဒီအတွေးလေးတွေက ဆိုင်ကယ်မှာ ချိတ်ပါလာတဲ့ ခိုင်ခံ့တဲ့ နွယ်လိုအရာတခုကြောင့် ရပ်တန့်သွားရတယ်။ ပေါက်ကွဲသံတခုကို ကြားလိုက်ရချိန် အံ့သြထိတ်လန့်သွားမလား။ ကြက်သေပဲ သေကုန်မလား မပြောနိုင်တော့ဘူး။ သေချာတာက သူတို့ရဲ့ ခရုစီးပွားရေးအိပ်မက်က ခြောက်အိပ်မက်အဖြစ် ပြောင်းသွားခဲ့ရပြီ။

တမြို့လုံးက မြို့ပြင်တနေရာလို့ပဲ မှန်းဆလို့ရတဲ့ နေရာကနေ ပေါက်ကွဲသံ ကြားရပြီး နောက်ဆက်တွဲ ပစ်ခတ်သံတွေက မြို့ကလေးကို လှုပ်ခတ်စေတယ်။ အပြန်အလှန် ထိတွေ့ပစ်ခတ်သံ မဟုတ်နေလို့ ထူးဆန်းနေကြတာလည်း ပါတာပေါ့။ တကယ်တမ်းက အမိပျို ၃ ယောက်ရဲ့ ခရုအိပ်မက်မျှသာ။ ဆိုင်ကယ် ၂ စီးသာဆိုရင် နောက်ကလိုက်လာတဲ့ တစီးအတွက် ကြေကွဲစရာ အဖြစ်ဆိုးနဲ့ ကြုံရမှာပါ။ ခုတော့ တစီးကို ၃ ယောက်စီးခဲ့တာမို့ အသက်ဘေးကတော့ လွတ်သွားခဲ့ရတာ။ ၃ ယောက်ပေါင်း ကျပ်ငွေ ၂ သိန်းကို နားနဲ့မဖတ်မိတဲ့ အကျိုးဆက်အနေနဲ့ မျှခံရတယ်ပေါ့။ မိဘတွေအနေနဲ့တော့ သမီးတွေ အကောင်းအတိုင်း ပြန်ဆုံရတာနဲ့တင် ကျေးဇူးများလှပြီ မဟုတ်လား။ စားရာမရှိ​ လျော်စရာရှိ စကားပုံတောင် ရှိသေးတာပဲလေ။

၃။ ဆိုင်းဘုတ် မရှိပါ။

ဒါက တကယ်ခံသာတယ် ပြောရမယ်။ တဖက်နဲ့တဖက် ရည်ရွယ်ပြီး မိုင်းထောင်တာက စစ်ရဲ့သဘောအရ လက်ခံနိုင်ခြေရှိပေမဲ့ ကိုယ့်အိမ်နားက စပါးလင်လေး နုတ်မိရင်း မိုင်းနင်းမိမယ်လို့ ဘယ်သူ ထင်မလဲ။ တခုခု နင်းမိသလို ဖြစ်တာ သိလိုက်ချိန် မြေစာပွပွလေးကြောင့် မိုင်းများလားလို့ တွေးမိချိန် အဒေါ်ကြီး ဘယ်လောက် ကမ္ဘာပျက်လိုက်မလဲ။ ကြောက်စိတ်နဲ့ အော်ဟစ် အကူအညီတောင်းရင်း ဘယ်လို ဆုံးဖြတ်လိုက်မိသလဲ မသိခင် လေပေါ်မြောက်တက်သွားပြီး ပြန်အကျ ခြေထောက် မပါလာတာကို အဒေါ်ကြီး ဘယ်လောက်ခံစားခဲ့ရမလဲ။

အဲဒီလိုပဲ အမြဲ ထင်းခုတ်နေကျ တောတန်းလေးမှာ မသန်စွမ်းလူငယ်တယောက် မိုင်းနင်းမိပြီး အော်ဟစ် အကူအညီတောင်းသံကို လမ်းက ဖြတ်လာတဲ့သူတယောက် ကြားရတယ်။ သူ ရောက်သွားချိန်မှာ သွေးသံရဲရဲ ခြေတဖက် ပြတ်လုပြတ်ခင်၊ တဖက်ကတော့ လုံးဝပြတ်သွားလို့ ကူကယ်ရာမဲ့ နာကျင်လွန်းလို့ ညည်းတွားနေ​တဲ့ လူငယ်လေးက ငယ်ပါလည်း ထိထားပြီဆိုတော့ သူတယောက်တည်း ကူညီဖို့ မဖြစ်နိုင်တော့ဘူး။ အကူခေါ်ဖို့ပြော တောင့်ခံထားဖို့ အားပေးရင်း ထွက်သွားသူကို ကြည့်နေရင်း လူငယ်လေးဟာ သူ့ရှင်သန်ခွင့်ကို ဘယ်လောက်​ မျှော်လင့်ခဲ့မလဲ။ နာရေးကူညီမှုကားတွေနဲ့ လူတွေ ပြန်ရောက်လာချိန် အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ဘေးမှာ လူငယ်လေးရဲ့ ဝိညာဉ် ရှိနေဦးမလားပဲ။ နေ့ချင်း သင်္ဂြိုဟ်လိုက်ရတဲ့ နာရေးမှာ သူ တရားခံ ဖြစ်မသွားတာဘဲ ဝမ်းသာရမယ့်အနေအထား ဖြစ်ခဲ့တယ်။

ဒီကာလမှာ ဝမ်းစာရေးဖြည့်တင်းပေးတဲ့ အင်တိုင်းတောကြီးထဲက ဂုံးသား သစ်အယ်သားလို သစ်မာပင်လေးတွေက ဟိုတချိန်ကလို ပျော်ရွှင်မှုတွေ မပေးနိုင်တော့ဘူး။ လိုချင်မှုနဲ့ ကြောက်ရွံ့မှု လွန်ဆွဲလို့ နိုင်တဲ့ဘက်ကပဲ။ သွားခုတ်မှ ဖြစ်မယ်။ သွားလိုက်တယ်။ ခုတ်လိုက်တယ်။ ဘာနဲ့မှ မငြိမိ မနင်းမိဘဲ ထင်းကို စည်းနိုင်ခဲ့ရင် သက်မလေးချ အိမ်ပြန်ရတယ်။ ကာလရှည် မီးဖြတ်​​တောက်ခံရတတ်တဲ့ မြို့ငယ်လေးမှာ အရေးပေါ်သုံးဖို့ ဈေးခေါင်ခိုက်နေတဲ့ မီးသွေးကို ဝယ်သုံးမယ့် အခြေအနေမပေးတဲ့ လူတန်းစားတရပ်ကလည်း ရှိသေးတာကိုး။ အိမ်သုံး ထင်းခွေစု ပိုတာရောင်း ဈေးဖိုးဖြည့်ဖို့ ဆိုတဲ့အတွေးဟာ ဒီကာလမှာ သူတို့အတွက် မျှော်လင့်ချက်ပါပဲ။ တရက်တော့ ထင်းခုတ်သွားတဲ့ ဦးလေး ပြန်ရောက်မလာခဲ့ဘူး။ နောက်မနက် ခြေထောက်ပြတ်ပြီး အသက်မဲ့နေတဲ့ သူ့ခန္ဓာကို လူတွေ ရှာတွေ့ခဲ့တယ်။ သူ့စက်ဘီးလေးနဲ့ ခပ်ဝေးဝေးနေရာမှာပေါ့။ ရန်သူအတွက် ရည်ရွယ်ပြီး နှစ်ဖက် လက်နက်ကိုင်တွေ အပြိုင်ထောင်ထားတဲ့ မိုင်းတွေကြောင့် အင်တိုင်းတောကြီးဟာ မလုံခြုံတော့ဘူး။ နားရွက်နဲ့ ဖတ်လို့မရတဲ့ သတိပေးဆိုင်းဘုတ်မရှိတဲ့ သတ်ကွင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ ဒီ လေး ငါးလလောက်မှာပဲ မိုင်းနင်းမိသူ ၄ ဦးရှိပြီး လယ်ကို ညီအစ်ကိုနှစ်ယောက် တွဲသွားမိတဲ့ အခေါက်က မိုင်းနင်းမိသူတယောက်ပဲ အသက်ရှင်တယ်။ ဘေးကင်းတဲ့ တယောက်က ချက်ချင်းဆိုသလို ဆေးရုံအရောက် ခေါ်သွားနိုင်ခဲ့တာကြောင့်ပေါ့။ တကယ်တမ်းဆို အဲဒီနေရာလေးဟာ မြို့ပေါ်ဧရိယာထဲ ပါနေသေးတဲ့နေရာ။ မြို့ပေါ်ရပ်ကွက်ထဲ ထည့်လို့ရတဲ့ ရွာလေး။ အဲဒီရွာလေးနဲ့ မြို့နဲ့ ၅ မိုင် ၆ မိုင်လောက်ပဲဝေးတဲ့ ရွာတွေနဲ့ ရွာချင်းဆက်လမ်းတွေ။ အဲဒီရွာသွားလမ်း​ဘေးက အင်တိုင်းတောတွေ၊ သက်ကယ်ခင်းတွ၊ သပြေပန်းတွေ၊ အင်ကြင်းပန်းတွေနဲ့ အင်ဖက်တွေက ဆင်းရဲသားပြည်သူတွေရဲ့ ကျေးဇူးရှင်တွေ။

ခုတော့ “ဟဲ့ အဲဒါ နင်တို့ KIA PDF တွေ ထောင်တဲ့မိုင်း။” “မဟုတ်ဘူး။ နင်တို့စစ်တပ်က ထောင်တဲ့မိုင်း” ဆိုပြီး မိုင်းမထောင်တဲ့ ပြည်သူတွေက အချင်းချင်း လက်ညှိုးထိုး ယိုးစွပ်လို့။ မဖြတ်ကြနဲ့လို့ သတိပေးထားတဲ့ လမ်းရှိသလို ဖြတ်တဲ့သူ ဘယ်သူဖြစ်ဖြစ်ထိ။ အကုန် သူပုန်ပဲ ဆိုတဲ့အဖွဲ့။ ဆိုင်းဘုတ်ထောင်တဲ့ အဖွဲ့နဲ့ မထောင်တဲ့အဖွဲ့ရဲ့ ခြားနားချက်ပဲ။

ဖြတ်သန်းသွားလာခြင်း မပြုရဆိုတဲ့ ဆိုင်းဘုတ် ရှိနေတာတောင် သတိမထားမိလိုက်လို့ မတွေ့တာ။ အမှတ်တမဲ့ ဖြတ်ဖူးတာ။ လမ်းကျဥ်းလေးမို့ မကွေ့ရ ဆိုတဲ့ ဆိုင်းဘုတ်ကို ဖတ် နားလည်မှုလွဲပြီး ဂငယ်ကွေ့လိုက်လို့ သူများခြံထဲ ကျွံဝင်သွားတဲ့ကားတွေ စသဖြင့် ဆိုင်းဘုတ်ကပေးတဲ့ ဒုက္ခလေးတွေနဲ့ ကြုံဖူးကြမှာပါ။ ပြည်သူတွေ ထိပါစေ မရည်ရွယ်ပေမဲ့ ရန်သူ ဖြတ်နိုင်မယ်ထင်တဲ့ လမ်းတွေမှာ တော်လှန်ရေးတပ်ဘက်ကကော စစ်ကောင်စီတပ်ဘက်ကပါ  မိုင်းတွေ အပြိုင်ထောင်ထားလိုက်ကြတာ။ နင်းမိရင် ပေါက်ကွဲတာ၊ တခုခုနဲ့ ငြိမိရင် ပေါက်ကွဲတာ၊ ကြိုးလေးဟဆို သွားဆွဲမိပြီး ပေါက်ကွဲတာ။ အပြိုင်ထောင်တဲ့သူတွေ နေရာမမှတ်မိတော့ပေမဲ့ မိုင်းတွေကတော့ ပေါက်ကွဲပေးရမယ့် ဝတ္တရား​ပျက်နေမှာ မဟုတ်ဘူးလေ။ လမ်းတွေကို နိစ္စဓူဝ သုံးစွဲ သွားလာနေတာက ပြည်သူတွေ မဟုတ်လား။ အသိပေးထားမှန်း ပြည်သူတိုင်းက သိချင်မှ သိနိုင်တာကိုး။ မနက်စောစောမို့ လူပြတ်ချိန်မို့ ပစ်ခတ်ပြီးခါစမို့ စသဖြင့် အမြင်နဲ့ အကြားနဲ့ ဆုံးဖြတ်ဖို့ မလွယ်ချိန်တွေ ရှိတယ်မဟုတ်လား။

မိုင်းအန္တရာယ် သိမြင်မှု အဆင့်မြင့်အဖွဲ့များ

အမယ်လေး၊ ဘယ်လောက်ကြာနေပြီလဲ မသိဘူး။ ဖုတ်ခနဲပဲ ထပေါက်ကွဲလို့ ဆိုပြီး ရယ်မော ပြောပြနေတဲ့ အင်ဖက်သည်တယောက်။ သူ အင်ဖက်ကောက်သွားတုန်းက ခလတ်တိုက်မိတော့ ခပ်လှမ်းလှမ်းက ထပေါက်ကွဲတာကို ပြောပြနေတာ။ တကယ်တမ်းက အစကတည်းက မအောင်တဲ့မိုင်း သို့မဟုတ် ပေါက်ကွဲမှုဖြစ်ရုံ ထုတ်လုပ်ထားတဲ့ မိုင်းမျိုးဆိုတာ သူ မသိ။ စစ်လက်ကျန်မိုင်းတွေရဲ့ အန္တရာယ် အသိပညာ မရှိကြသေးတဲ့ စစ်မဖြစ်ဖူးတဲ့ဒေသက အဲဒီလို ပြည်သူတွေမှ အုပ်လိုက် ရွာလိုက် ဆိုတာမျိုး။ ဘယ်နေ့ ဝင်သိမ်းမှာတဲ့။ သတင်းပြေးနေတာ ကြာပြီဖြစ်တဲ့မြို့ လေယာဥ်တွေ ဝဲနေကျမြို့။ သင်္ဘောတွေ လာရင် လက်နက်ကြီးသံညံ လေယာဥ်သံ မစဲတဲ့မြို့။ ပတ်ဝန်းကျင်မြို့တွေ ပြာကျကုန်လို့ ပြေးလာခိုလှုံကြတဲ့မြို့။ ပစ္စည်းတွေကို လုံခြုံမယ် ထင်ရတဲ့ နေရာတွေဆီ ပို့ထားပြီး အိမ်အခွံနဲ့ ဟန်မပျက်နေတဲ့မြို့။ အဲဒီမြို့က အိမ်မှာ အိပ်နေရင်း အိပ်ခန်းထဲ ခုတင်ပေါ်တည့်တည့် လက်နက်ကြီးကျည် ကျပေါက်ကွဲလို့ တန်ခူးလကျ ရေစက်ချမယ့် သူ့အလှူကို မပါနိုင်တော့တဲ့ အဘွားတယောက် ရှိတယ်။ ကြောက်လို့ပြေးရင်း ပစ်သတ်ခံရတဲ့ အမှိုက်ကောက်သမားလေး ရှိတယ်။ လက်နက်ကြီး လက်နက်ငယ် ကျည်ဆန်တွေကြား ပြေးလာရင်း စစ်တပ်က ကာပစ်ပေးတဲ့ လက်နက်ကြီးကျည်ထိလို့ သုံးထပ်ကွမ်းလောက် လူရော စိတ်ပါ ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ စစ်မဖြစ်ပေမဲ့ စစ်ရဲ့ မာယာတွေ ကောက်ကြောင်းတွေကို သိမြင်နိုင်လောက်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ ရှိတယ်။ ခုထိတော့ စစ်မဖြစ်သေးပေမဲ့ မိုင်းကြောင့် ကျည်ကြောင့် လက်နက်ကြီးကြောင့် သေတဲ့သူတွေ စစ်ပွဲထဲက ဒဏ်ရာမျိုးနဲ့ သေတဲ့ အတွေ့အကြုံတွေ ရှိနေတယ်။ ဘယ်လိုဖြစ်ဖြစ် နားရွက်နဲ့ ဖတ်ရတဲ့ ဆိုင်းဘုတ်အကြောင်း သူတို့ သိတယ်။ အမြင်နဲ့ ဖတ်ရတဲ့ မရေးထားတဲ့ ဆိုင်းဘုတ်တွေအကြောင်း သူတို့ ဝေမျှနေကြတယ်။ ကပ်ကျော်အောင် စတုဒိသာအလှူ ခြိမ့်ခြိမ့်သဲ ကျွေးမွေးလှူဒါန်းရင်း ယတြာချေတဲ့ မြို့လေးလည်း ဖြစ်တယ်။ လူတွေ ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီးပြီပေါ့ သဘောက။ ဒါပေမဲ့ အဲဒီမြို့လေးဟာ စတုဒိသာ လှူဒါန်းမှုကို နှစ် ရာချီလုပ်လာတဲ့ မြို့လေး ဖြစ်နေပြန်တော့ ယတြာလို့ မဆိုသာပေဘူး။ ဒါပေမဲ့ မြို့အထွက် ၁ မိုင် ပတ်ဝန်းကျင်လောက်ကနေ မမြင်ရတဲ့ ဆိုင်းဘုတ်တွေ အများဆုံးရှိတဲ့ မြို့လေးလည်း ဖြစ်နေပါသေးရဲ့။ နားရွက်နဲ့ ဖတ်တတ်ရပါမယ်။

ဒီးဆိုင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024