
ဘောလုံးပေးပို့မှုတွေမှာ မက်ဆီပြီးရင် ဒီဘရိုင်းက အကောင်းဆုံးကစားသမားဖြစ်ကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
ဒီဘရိုင်းဟာ မန်စီးတီးမှာ ၁၀ နှစ်ကြာ ကစားပြီးနောက် အခုနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာပါ။
မိမိနဲ့ လက်တွဲခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ မက်ဆီက ဘောလုံးပေးပို့မှု အကောင်းဆုံးကစားသမား ဖြစ်ပြီး ဒုတိယနေရာမှာတော့ ကီဗင်ဒီဘရိုင်းကို ထားချင်ကြောင်း၊ စီးတီးအတွက် ကီဗင်စွမ်းဆောင်ခဲ့တဲ့ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကို ကြည့်မယ်ဆိုရင် သူ့ရဲ့ ထူးချွန်မှုကို မြင်နိုင်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ဒီဘရိုင်း ထွက်ခွာတော့မယ့်အပေါ် အစားထိုးဖို့က ခက်ခဲပေမဲ့ ဘောလုံးလောကရဲ့ သဘောသဘာဝအတိုင်း ရှေ့ဆက်သွားရမှာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ် နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် မေ ၂၁ ရက်မှာ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲဟာ ဒီဘရိုင်းရဲ့ အိမ်ကွင်းနောက်ဆုံးနှုတ်ဆက်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။