DVB Logo
Home
မြန်မာသတင်း
မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန်တို့တွင် တိုက်ပွဲပြင်းထန်၊ PDF ရဲဘော် ၉ ဦး ကျဆုံး 
DVB
·
May 18, 2025
မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန်တို့တွင် တိုက်ပွဲပြင်းထန်၊ PDF ရဲဘော် ၉ ဦး ကျဆုံး 
Donate to DVB

မန္တလေးတိုင်းအတွင်းက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေထဲမှာ မေ ၁၅ ရက် မနက် ၅ နာရီဝန်းကျင်ကနေစတင်ကာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၉ ယောက်ထက်မနည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့တာဝန်ခံက “မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်း ၈ ခုထက်မနည်းကို မြင်းခြံခရိုင်စစ်ဆင်ရေးအနေနဲ့ တပြိုင်တည်းတိုက်ခိုက်ခဲ့ကြတာပါ။ သူတို့ဘက်က အထိနာတော့ လက်နက်ကြီးပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေနဲ့ တောက်လျောက်ခုခံခဲ့တာ။ လေကြောင်းက ဂျက်ဖိုက်တာ၊ MI 35 နဲ့ Y12 တွေနဲ့ ကြဲတာ။ အဲ့ဒါတွေကြောင့်မို့ ကျနော်တို့တွေဘက်က ထိခိုက်ကျဆုံးတာ များလာတာနဲ့ပဲ သူတို့စခန်းတွေ မသိမ်းနိုင်ခဲ့ဘဲ ပြန်ဆုတ်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေဟာ မြင်းခြံမြို့က အမှတ် ၁၈ ရပ်ကွက်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ ကျောက်ပြုတ်ကျေးရွာတပ်စခန်း၊ နန်းမြင့်တောင်ကြားတပ်စခန်း၊ ဆီမီးခုံကျေးရွာနယ်မြေရဲစခန်းတို့အပြင် နွားထိုးကြီးမြို့နယ်က ဝက်လူးကျေးရွာနယ်မြေရဲစခန်း၊ ထန်းဇင်မြောက်ကျေးရွာအနီးက တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့်စစ်တပ်ဂိတ်စခန်း တို့အပါအဝင် တောင်သာမြို့နယ်က ထနောင်းကုန်း ပျူစောထီးကျေးရွာ စစ်ကောင်စီတပ်စခန်းနဲ့ ငါန်းဇွန်းမြို့ပေါ်က ထွေအုပ်ရုံးမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း မြင်းခြံခရိုင်တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့) က ရဲဘော် ၆ ယောက်နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၃ ယောက်ထက်မနည်းကျဆုံးခဲ့ကြကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

“တခြားရဲဘော်တွေတက်လုံးနေချိန် ကာပစ်ပေးနေတဲ့ ရဲဘော်တွေအပေါ်ကို ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ဗုံးကြဲချခဲ့လို့ ကျနော့်ကလေးတွေ ကျဆုံးခဲ့ရတယ်။ တော်လှန်ရေးဆိုတာ ကျုပ်တို့အတွက်တော့ ပေးဆပ်ခြင်းဗျ။ ပြီးခဲ့တဲ့ တော်လှန်ရေးကာလ ၃ နှစ်မှာ အကျအဆုံးမရှိခဲ့ဘူး။ အခုတိုက်ပွဲမှာကျတာ ၆ ယောက်ကို ၃ ယောက်ပဲ သင်္ဂြိုဟ်ခွင့်ရလိုက်တယ်။ ကျုပ်က ကျုပ်ကလေးတွေကို သားလို၊ ညီလို တန်ဖိုးထားတာ ရောက်ဖူးသူတိုင်းသိတယ်။ ခုတော့ ကျုပ်ရင်ကွဲရပြီ၊ နာကျင်ရပြီ၊ စိတ်နာလာပြီ။ မပြည့်စုံခြင်းကို အရင်းတည် ပြည်သူကိုပဲ အားကိုးအခြေပြုပြီးတိုက်ပွဲဝင်နေရတုန်းပဲ။ လက်သင့်ရာဆီကို ကျနေပေမဲ့ ကျုပ်တို့မှာ ကိုယ့်ဒူးကိုယ်ချွန်က တက်မလာဘူး။ ဒါပေမဲ့ ကိုယ်ထူကိုယ်ထပါ၊ အားကိုးမရသူကို အားမကိုးပါဘူး။ ပြည်သူ့အားနဲ့ဆက်သွားပါမယ်။  လိုအပ်တာတွေ ဖြည့်ဆည်းရမှာမို့ တိုက်ပွဲရက်ကို အကန့်သတ်မရှိနားထားပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပိုမိုကူညီပေးကြပါလို့ ပြောချင်တယ်။ ‌ကိုယ်တိုင်ငွေရှာ လက်နက်ခဲယမ်းဝယ်ပြီး တိုက်နေရတဲ့ဘဝကြီးကိုလည်း စိတ်ကုန်လာပြီ၊ ငြီးငွေ့လာပါပြီ။ ဒါပေမဲ့လည်း တော်လှန်ရေးစိတ်အပြည့်နဲ့ ဆက်လျှောက်နေဦးမှာပါ” လို့ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ကြသူတွေဟာ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့က ရဲဘော်မင်းခန့်၊ ရဲဘော်ဟိန်းပြည့်သော်၊ ရဲဘော်ဇံထွန်းသန့်၊ ရဲဘော်ဝင်းနိုင် (အထူးတိုက်ခိုက်ရေးကွန်မန်ဒို)၊ ရဲဘော်ကျော်ဖြိုးနိုင် နဲ့ ရဲဘော်ချမ်းမင်းအောင် တို့ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

တချို့နေရာတွေမှာ မေ ၁၇ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ တိုက်ပွဲအတွင်းက အခြေအနေတွေကို မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ တိုက်ပွဲအတွင်းပါဝင်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013