
ပရီးမီးယားလိဂ်ရဲ့ တနှစ်တာအကောင်းဆုံးဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းမှာ ပါဝင်ခဲ့တာ အံ့အားသင့်စရာကောင်းကြောင်း ဘရန့်ဖို့ဒ်တိုက်စစ်ကစားသမား အမ်ဘူမိုက ပြောပါတယ်။
ကင်မရွန်း တောင်ပံကစားသမားဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားပြီး အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ခဲ့တာပါ။
မိမိအတွက် ကောင်းမွန်တဲ့ဘောလုံးရာသီတခုဖြစ်တယ်ဆိုတာ သိရှိပေမဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်လာတဲ့အပေါ် အံ့အားသင့်မိပြီး အဲဒီလောက်အထိ မျှော်လင့်မထားကြောင်း အမ်ဘူမိုက ပြောပါတယ်။
ပရီးမီးယားလိဂ်က ရွေးချယ်ထုတ်ပြန်ခဲတဲ့ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ၈ ယောက်စာရင်းမှာ အမ်ဘူမိုအပါအဝင် လီဗာပူးက ဆာလာ၊ ဗန်ဒိုက်နဲ့ ဂရာဗန်ဗက်ချ်၊ နော်တင်ဟမ်ဖောရက်စ်က ဂစ်ဘ်ဝှိုက်နဲ့ ခရစ္စဝုဒ်၊ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်နဲ့ အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့ ပါဝင်ပါတယ်။