DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအင်အားစုများ အစိတ်စိတ်ကွဲနေသည့်အပေါ် မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်ရန် အကြံပြု
DVB
·
May 16, 2025
တော်လှန်ရေးအင်အားစုများ အစိတ်စိတ်ကွဲနေသည့်အပေါ် မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်ရန် အကြံပြု
Donate to DVB

နွေဦးတော်လှန်ရေး ၄ နှစ်ကျော်ကြာလာချိန်မှာ လက်နက်ကိုင်တော်လှန်ရေးက အရှိန်အဟုန် ကောင်းကောင်းနဲ့ သွားနေပေမဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လူမျိုးရေးနဲ့ အကျိုးစီးပွား ရေးအရ အစိတ်စိတ်ကွဲနေပြီး ဒီအပေါ်မှာ မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်ဖို့လိုအပ်တယ်လို့ ဝါရင့် သတင်းဆရာနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေက ပြောပါတယ်။

လက်ရှိတော်လှန်ရေးက စောင့်ကြည့်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကာလမှာ တခါမှ မတွေ့ဖူးတဲ့ အရွေ့ကောင်းကောင်းနဲ့ သွားနေပေမဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကတော့ အကျိုးစီးပွားနဲ့ လူမျိုးစုအရေးတွေကြောင့် အစိတ်စိတ်ကွဲနေကြောင်း မြန်မာ့နိုင်ငံ အရေးကို ဆယ်စုနှစ်တွေနဲ့ချီပြီး စောင့်ကြည့် သတင်းရေးသားနေတဲ့ ဝါရင့်သတင်းစာဆရာ ဘာတေးလင့်တနာက DVB ကို ပြောပါတယ်။

“စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ထိန်းချုပ်နိုင်တော့တယ်ဆိုတဲ့ အပြောမျိုးတွေ ထွက်လာပါတယ်။ ဒီအပြောတွေက မှန်ချင်မှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာတော်လှန်ရေး အင်အားစုတွေအနေနဲ့ ညီညွတ်မှုရှိတယ်ဆိုတဲ့သဘော မသက်ရောက်ပါဘူး။ တော်လှန်ရေးအင်အားစုတွေဟာ လူမျိုးရေးအရရော၊ အကျိုးစီးပွားအရရော အစိတ်စိတ် ကွဲနေပါတယ်။ တိုင်းပြည်ရဲ့နေရာအနှံ့အပြားမှာ အဖွဲ့အမျိုးမျိုးကွဲနေပါတယ်။ တခါတလေ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေနဲ့ပတ်သက်ပြီး အခွန်ကောက်ခံရေး၊ လူသူစုဆောင်းရေး ကိစ္စတွေကြောင့် အပြိုင်အဆိုင် ဖြစ်တာမျိုးတွေလည်းရှိပါတယ်။ ဆိုတော့ စစ်ကောင်စီကို ဆန့်ကျင်တဲ့နေရာမှာ ညီညွတ်မှုမရှိတာ တော်တော်ကြီးမားတဲ့ ပြဿနာပါ။ ဒီလို ပြိုကွဲနေမှုမျိုးကိုလည်း ကျနော်အရင်က မတွေ့ခဲ့ဖူးပါဘူး။ ဒါကအနာဂတ်အတွက်ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။”

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ဒေသတွင်းမှာပဲ အဖွဲ့အမျိုးမျိုးကွဲနေပြီး စစ်ကောင်စီကို တော်လှန်နေတဲ့အဖွဲ့တွေရှိသလို ထောက်ခံတာ၊ ကြားနေတာ၊ အပစ်အခတ်ရပ်ထားတာ စတဲ့အဖွဲ့တွေလည်း ရှိနေကြောင်း ဘာတေးက ဆက်ပြောပါတယ်။

အခုလို အစိတ်စိတ်ကွဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို စနစ်တကျစုစည်းဖို့လိုကြောင်းနဲ့ မှန်မှန်ကန်ကန်ကိုင်တွယ်သင့်ကြောင်း ချင်းညီနောင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းယောမန်က ပြောပါတယ်။

“တော်လှန်ရေးက မဖြစ်မနေ ဖြတ်သန်းရမယ့် အပိုင်းတွေထင်ပါတယ်။ အရင်ကတော်လှန်ရေး တွေလည်းရှိတယ်၊ အခုလည်းရှိတယ်၊ နောင်ကို တခုခုကိုတော်လှန်ရင်းနဲ့လည်း ရှိမှာပဲ၊ လှေကားထစ် တွေပဲ အဆင့်တွေပဲ။ ဒါကို ကျနော်တို့ မြန်မြန်ကို စနစ်ကျသွားအောင် ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်။ ဒီမှာ မှန်မှန်ကန်ကန် ထောက်ပြတာမျိုးက ထင်ရာစိုင်းနေတဲ့ အဖွဲ့တွေရှိတယ်။ အဲလိုတွေ တစုတစည်းတည်းဖြစ်လာမယ်ပေါ့၊ Principle တွေပေါ့၊ ခံယူချက်တွေ တော်လှန်ရေးခံယူချက်တွေ၊ တော်လှန်ရေးဥပဒေသတွေနဲ့ စုစည်းပြီးမှ  လူတယောက်ရဲ့ အပေါ် အဖွဲ့အစည်းရဲ့ အပေါ်မူတည်တာမဟုတ်ဘဲ ခံယူချက်တွေ အပေါ်တည်ဆောက်ထားတဲ့ စနစ်ကျတဲ့ဟာ ဖြစ်ကို ဖြစ်အောင် ပြန်သွားရမှာပဲ။ တော်လှန်ရေးအတွင်းမှာ တော်လှန်ရေး ပြန်လုပ်နေရတာ၊ ပြန်သန့်ရှင်းနေရတယ်ဆိုတာက တောက်လျှောက်ဖြတ်သန်းနေရ ရင်ဆိုင်နေရတဲ့ဟာပါ။ ဆိုတော့ သူမှတ်ချက်ပေးတာမမှား ပါဘူး၊ ကျနော်တို့က တကယ့်တကယ်လည်း လက်တွေ့ကျကျ မှန်မှန်ကန်ကန်ကိုင်တွယ်ရမှာပဲ။” 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ PDF အဖွဲ့ပေါင်း ၃၀၀ ကျော်ရှိတဲ့အထဲ NUG – MOD အောက်ကနေ နုတ်ထွက်တဲ့ PDF အဖွဲ့က ဆယ်ဂဏန်းထိ ရှိနေကြောင်း NUG ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီက ၄ နှစ်တာကာလအတွင်းမှာ တိုင်းစစ်ဌာနချုပ် ၂ ခု၊ ဒကစ ဌာနချုပ်တခု၊ စကခ ဌာနချုပ် ၅ ခု၊ စစ်ဗျူဟာ အခြေချစခန်း ၆ ခု အပါအဝင် စုစုပေါင်း အခြေစိုက် ဌာနချုပ်စခန်း ၁၇၃ ခု ဆုံးရှုံးခဲ့တယ်လို့ NUG ရဲ့ ၄ နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအရသိပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013