
တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုတွေ့လာနေတဲ့ အခြေအနေမှာ စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ မဟာမိတ်နည်းလမ်းနဲ့သာ ဖြေရှင်းကြဖို့ တော်လှန်ရေးအင်အားစုအဖွဲ့ ၄၀ ကျော်က တိုက်တွန်းထားပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ သွေးစွန်းငွေ (BMC)၊ ရခိုင်ကျောင်းသားများသမဂ္ဂ (ASU)၊ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) နဲ့ တခြား တော်လှန်ရေးအင်အားစု အဖွဲ့ပေါင်း ၄၀ ကျော် ပူးတွဲထုတ်ပြန်တိုက်တွန်းလိုက်တာပါ။
လက်ရှိ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးရေချိန် မြင့်မားလာနေသလို အချင်းချင်း ညီညွတ်မှုကို အခြေခံပြီး တိုက်ခိုက်တဲ့နေရာမှာလည်း စစ်ရေး အောင်မြင်မှုတွေ ရရှိနေပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ တချို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ဖြုတ်ချရေးထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ကာ အချင်းချင်းကြား လက်နက်နဲ့ ခြိမ်းခြောက် ဖြေရှင်းမှုတွေ၊ လူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်မှုတွေ တိုးလာနေတယ်လို့ ထုတ်ပြန်ချက် မှာ သတိပေးထားပါတယ်။
အခုလို ပဋိပက္ခတွေကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းတာဟာ ရန်သူအတွက်သာ အကျိုးရှိစေတယ်လို့ ဆိုထားပြီး မဟာမိတ်အဖွဲ့အစည်းတွေကြား ပြဿနာတွေကို စုပေါင်းခေါင်းဆောင်မှုနဲ့ ညှိနှိုင်း ဆွေးနွေးပြီး မဟာမိတ်နည်းလမ်းနဲ့သာ ဖြေရှင်းသင့်ကြောင်း အဖွဲ့အစည်းတွေက တိုက်တွန်း ထားပါတယ်။
ရခိုင်ကျောင်းသားများသမဂ္ဂ (ASU) ပြောရေးဆိုခွင့်ရှိသူက “ဗိုလ်နဂါး အဖမ်းဆီးခံပြီး နောက်ပိုင်း ပေါ့၊ NUG လက်အောက်ခံတပ်တွေက အောက်က တခြားတပ်ရင်းတွေကို SRA (နွေဦး တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု) ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကို ဖမ်းဆီးတာ တွေ ရှိတယ်။ ပြီးရင် အဲ့မှာ GZA (Generation Z Army) ဆိုတဲ့ တပ်တွေကို ဝင်တိုက်တာတွေ ဘာတွေ ရှိတယ်လို့ ကျနော်တို့ ကြားမိပါတယ်။ အဲဒါက မြေပြင် သတင်းအချက်အလက်ပေါ့နော်။ NUG ဘာကြောင့်တိုက်ရလဲ ဆိုရင်တော့ NUG မှာလည်း တိုက်ရတဲ့ အကြောင်းပြချက်တော့ ရှိမှာပဲ။ ဒါပေမဲ့ တော်လှန်ရေးပေတံနဲ့ တိုင်းရင်တော့ မှန်ကန်တဲ့ အကြောင်းပြချက် ဖြစ်ဖို့လိုတာပေါ့၊ ဘုံရန်သူက အရေးကြီးဆုံးပဲပေါ့” လို့ ပြောပါတယ်။
အဲဒီနောက် NUG အစိုးရနဲ့ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအနေနဲ့ မဟာမိတ် ဆက်ဆံရေးဆိုင်ရာ မူဝါဒတွေကို မှန်မှန်ကန်ကန် ချမှတ်နိုင်ဖို့နဲ့ ကြီးနိုင်ငယ်ညှဉ်း ဆက်ဆံရေးတွေကို အဆုံးသတ်ပြီး ဘုံရည်မှန်းချက်အပေါ် အခြေခံတဲ့ တပ်ပေါင်းစုတရပ် အလျင်အမြန် အကောင်အထည်ဖော်ဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါသေးတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) ပြောရေးဆိုခွင့်ရှိသူက “အခုအချိန် ဟာ အင်အားကြီးရန်သူကို တွန်းလှန်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်း ကျောချင်း ကပ်ဖို့ မဖြစ်မနေ လိုနေတဲ့ကာလ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တပ်ပေါင်းစုဆိုတဲ့ အသံကို အမြင့်ဆုံး ကြွေးကြော်နေရတာ ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေကြား ညီညွတ်ရေး ပျက်ပြား တာဟာ စစ်တပ်အတွက်တော့ သူ့ကိုတိုက်မဲ့ ရန်သူအင်အား လျော့သွားတာပါပဲ။ တော်လှန်ရေး ဘက်က အင်အားဆုံးရှုံးပါတယ်၊ ကြန့်ကြာပါတယ်၊ လူထုပိုနာပါတယ်” လို့ ပြောပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အဓိကအချက် ၃ ချက်အဖြစ် တော်လှန်ရေးအင်အားစု အချင်းချင်းကြား စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းနဲ့သာ ညှိနှိုင်းဖြေရှင်းဖို့၊ နိုင်ငံရေးအရ တန်းတူမှုရှိတဲ့ ဘုံသဘောထားနဲ့ မူများအပေါ်မှာ အခြေခံတဲ့ တပ်ပေါင်းစုတရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက် ဖို့၊ ပသုံးလုံး (ပအဖ၊ ပလဖ၊ ပကဖ) ယန္တရားတွေရဲ့ လူထုအပေါ် ထိခိုက်နစ်နာစေတဲ့ လုပ်ဟန်တွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တိုက်တွန်းတောင်းဆိုထားပါသေးတယ်။
မြေပြင်မှာတော့ တော်လှန်ရေးအင်အားစုအချင်းချင်းကြား ကျည်မပေါက်ရေးအတွက် SRA နဲ့ NUG အစိုးရတို့ ပြီးခဲ့တဲ့အပတ်က တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။
NUG တပ်တွေ ဖမ်းဆီးထားတဲ့ SRA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ရဲဘော်တွေ ပြန်လွှတ်မလွှတ်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေတွေကို DVB က နှစ်ဖက်လုံးကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။
မောရစ်










