DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ စစ်တပ်လေကြောင်းရန် သတိထားရန် တော်လှန်ရေးအင်အားစုများ သတိပေး
သီရိ
·
April 6, 2026
ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အချို့။ (Photo: ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အချို့။ (Photo: ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
Donate to DVB

သင်္ကြန်ကာလမှာ ပြည်သူတွေ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတဲ့အခါ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်ကို အသိသတိနဲ့ နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်မှတ်ထား ကျူးလွန်မှုတွေဟာ အထင်ကရနေ့တွေနဲ့ အခါကြီး ရက်ကြီးတွေကိုလည်း ရှောင်လွဲလေ့မရှိတာကို အာဏာသိမ်း ကာလတလျှောက် ပြည်သူတွေ တွေ့ကြုံခံစားခဲ့ကြရပါတယ်။

ဒါကြောင့် နှစ်သစ်ကူး သင်္ကြန်ကာလမှာ လုံခြုံရေးအသိ လုံခြုံရေးသတိနဲ့ ဖြတ်သန်းနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ခြေလျင်စစ်ကြောင်း၊ ဝေဟင်လေကြောင်းတွေနဲ့ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ၊ အလှူပွဲ မင်္ဂလာပွဲတွေနဲ့ ဆေးရုံ ဆေးပေးခန်းတွေကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပွဲလမ်းသဘင် လုံးဝမလုပ်ဖို့ ပိတ်ပင်ခဲ့တဲ့အတွက် တနေရာတည်းမှာ လူစုလူဝေးဖြစ်ခဲ့ပြီး ပိုပြီး အန္တရာယ်များတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဒီနှစ်မှာတော့ ပွဲလမ်းတွေကို ပိတ်ပင်တာမျိုးမလုပ်ဘဲ “လူစုလူဝေး အလွန်အမင်းမလုပ်ဖို့” နဲ့ “သတိထားပြီး ဆင်ခြင်ကြဖို့” ပဲ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာတော့ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ သပိတ်အင်အားစုတွေနဲ့ ပူးပေါင်းပြီး လေကြောင်းအန္တရာယ် ကာကွယ်ရေးအတွက် အသိပညာပေးတာတွေကို ဆောင်ရွက်ပေးထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေးပို့တဲ့ လေကြောင်းသတင်းတွေကို အချိန်နဲ့အမျှ နားစွင့်ပြီး သတိထားနေထိုင်ကြဖို့ အသိပေးထားပါတယ်။

ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “လေယာဉ်တက်လာတာနဲ့ တံတားဦးလေဆိပ်က ဖြစ်ဖြစ်၊ မိတ္ထီလာလေတပ်က ဖြစ်ဖြစ် လေယာဉ်တက်လာတာနဲ့ ကျနော်တို့ဆီက ကွန်ရက်တွေကနေ ကျေးရွာတွေ အားလုံးကို ချက်ချင်း သတင်းပေးပို့ပါတယ်။ ပြည်သူတွေကိုလည်း ဗုံးခိုကျင်းတွေ တူးထားဖို့နဲ့ သတိပေးချက်ရတာနဲ့ လုံခြုံတဲ့နေရာကို နေဖို့ လိုအပ်တာပေါ့နော်။ ပြည်သူတချို့က လေကြောင်းတိုက်ခိုက်မှုကို မမြင်ဘူးတဲ့သူကျတော့ မကြောက်ကြဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ရွေးကောက်ပွဲကျင်းပတဲ့ အချိန်ကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အရင်လို လေယာဉ်တစီးတည်းနဲ့ တိုက်ခိုက်တာမျိုးမဟုတ်ဘဲ လေယာဉ် ၂ စီးနဲ့အထက် အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု လုပ်လာတာ တွေ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီ ၆ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာလည်း ဒီပဲယင်းမြို့နယ်နဲ့ ရွှေဘိုမြို့နယ်အစပ်က ကျေးရွာကို လေယာဉ် ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းသာမက မကွေးတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့ဝင် စိုးမိုးမှုအားကောင်းတဲ့ မြို့နယ်တွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒါကြောင့် မကွေးတိုင်းထဲက မြို့နယ်တွေမှာ သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိပေမဲ့ ပြည်သူတွေအနေနဲ့ သတိထား နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သတိပေးနေကြပါတယ်။

ပွင့်ဖြူမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ကျေးရွာတွေကိုတော့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ နေ့စဉ် လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒါကြောင့် သင်္ကြန်ကာလမှာ ပြည်သူတွေ သတိထား နေထိုင်နိုင်ကြဖို့ လေကြောင်းရန်၊ လက်နက်ကြီးအန္တရာယ်နဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးလုပ်ငန်းတွေ လုပ်ပေးထားပြီး ပွဲလမ်းတွေမလုပ်ဖို့ ကန့်သတ်ထားတာတွေ ရှိတယ်လို့ ပွင့်ဖြူမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“တနိုင်ငံလုံးကတော့ တော်လှန်ရေးကလည်း ၅ နှစ်ကျော်လာပြီပေါ့နော်။ ကျနော်တို့ကအစ ပျော်ချင်ကြတာပါပဲ။ ဒါပေမဲ့ ကျနော်တို့ ပျော်လို့မရသေးဘူး။ ကျနော်တို့ ပျော်ရွှင်တာကို ဘယ်လိုပြောမလဲ ဆိုတော့ကာ တဖက်က ရန်သူက ဒါကို အခွင့်ကောင်းယူပြီးတော့ တိုက်ခိုက်လာနိုင်ချေ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က လူစိတ်ရှိတဲ့လူတွေနဲ့ ရင်ဆိုင်နေရတာ မဟုတ်တဲ့အတွက်လေ။ အခုအချိန်မှာ ပျော်ချင်တာကို အောင့်အည်းနေကြဖို့ ဒါ မေတ္တာရပ်ခံပြီးကာမှ ကျနော်တို့ ဒါ ကန့်သတ်ထားတာမျိုးတွေတော့ ရှိပါတယ်။ နောက်တချိန်ကျမှ ကျနော်တို့ တနိုင်ငံလုံး၊ တပြည်လုံး လွတ်မြောက်သွားတဲ့အခါမှာ အစတိုးပြီးကာမှ ကျနော်တို့ ပျော်ရွှင်ဖို့ပေါ့နော်၊ ဒီသင်္ကြန်ပွဲတွေ မလုပ်ဖို့တော့ ကန့်သတ်ထားတာမျိုး ရှိပါတယ်။”

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သင်္ကြန်ကာလတုန်းကလည်း နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်မှု ၅၁ ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် ပြည်သူ ၂၉ ယောက် သေဆုံးပြီး အယောက် ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DVB က သီးခြားပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013