
ရုရှားဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဇူလိုင် ၂ ရက် အစောပိုင်းက စစ်ပွဲကာလအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုတွေထဲက တခုအဖြစ် ရာနဲ့ချီတဲ့ ဒရုန်းတွေ၊ ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ သူ့မဟာမိတ်တွေဆီကို လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ပိုပြီးထောက်ပံ့ပေးဖို့ အရေးပေါ် တောင်းဆို လိုက်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ မေလနောက်ပိုင်း ကိယက်ဗ်မှာ အသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်ပြီး အခုဆို ၅ နှစ်ထဲ ရောက်လာပြီဖြစ်တဲ့ ဒီစစ်ပွဲအတွင်း မြို့အနှံ့ ဒီလောက်အထိ အကြီးအကျယ် ပျက်စီးသွားတာမျိုး ခပ်ရှားရှားပဲလို့ ဆိုရမှာပါ။
ဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၅ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သလို အဆောက်အအုံ တဝက်လောက် ပျက်စီးထားတဲ့ ၉ ထပ်တိုက် အပါအဝင် အဆောက်အအုံ ၁၃၀ ဝန်းကျင် ပျက်စီးခဲ့ပါတယ်။
ညဘက်တိုက်ခိုက်မှုအတွင်း ကိယက်ဗ် မြို့လယ်ကောင်မှာ ပေါက်ကွဲသံတွေ တရစပ်ထွက်ပေါ်ခဲ့ပြီး မြို့ခံထောင်ပေါင်းများစွာဟာ ဗုံးခိုကျင်းတွေနဲ့ မြေအောက်ရထားဘူတာရုံတွေဆီ အလုအယက် ထွက်ပြေးခဲ့ကြရသလို မြို့ကောင်းကင်ယံတခုလုံးမှာလည်း မီးခိုးလုံးကြီးတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သူ့ရဲ့ ညနေခင်း ပုံမှန်မိန့်ခွန်းထဲမှာ မဟာမိတ်တွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ပိုပြီးထောက်ပံ့ပေးဖို့ အရေးပေါ်တောင်းဆိုလိုက်ပြီး အခုလို ပျက်စီးဆုံးရှုံးရတာဟာ မဟာမိတ်တွေဘက်က ပေးမယ်လို့ ကတိပြုထားတဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို အချိန်မီ အရောက်မပို့နိုင်ခဲ့တာကြောင့်လည်း ပါတယ်လို့ ပြစ်တင် ပြောဆိုခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကုလသမဂ္ဂ ဘက်ကလည်း ကိယက်ဗ်နဲ့ တခြား ယူကရိန်းမြို့တွေကို ရုရှားက ညတွင်းချင်း တိုက်ခိုက်ခဲ့တာအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး အရပ်သားတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်မထားသင့်ဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ရုရှားရဲ့ အခုလို တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တာဖြစ်လို့ ချက်ချင်း ရပ်တန့်ရမယ်လို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ကိုယ်စား သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အတွင်းရေးမှူးချုပ် အနေနဲ့ စစ်အရှိန်ကို ချက်ချင်းလျှော့ချပြီး ဘာစည်းကမ်းချက်မှမရှိဘဲ အပစ်အခတ် ချက်ချင်းရပ်စဲဖို့ ရုရှားကို ထပ်မံတိုက်တွန်းထားပါတယ်။
Source: Reuters










