
ရုရှားနိုင်ငံရဲ့ ရေနံချက်စက်ရုံ ၂ ခုကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်း ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယာရိုစလက်နဲ့ ဘတ်ရှကော်တိုစတန်တို့ရှိ ရုရှားရေနံချက်စက်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဇလန်းစကီးရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြထားတာပါ။
ယူကရိန်း ဒရုန်းတိုက်ခိုက်ခံရပြီးနောက် ရုရှားနိုင်ငံရဲ့ မြို့ဖြစ်တဲ့ ယာရိုစလက်မှာ ကြီးမားတဲ့ မီးခိုးလုံးကြီးတွေ ထွက်ပေါ်လာတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ရုရှားနိုင်ငံရဲ့ အကြီးဆုံး ရေနံသန့်စင်တဲ့ လုပ်ငန်းတွေ ယာရိုစလက်မှာ ရှိပါတယ်။ ယာရိုစလက်မှာရှိတဲ့ ရုရှားရေနံချက်စက်ရုံဟာ ၁၉၆၁ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ အကြီးဆုံး ရေနံချက်စက်ရုံ ၅ ရုံအနက်တရုံ ဖြစ်ပါတယ်။
ဒီစက်ရုံမှာ အလုပ်သမား ၃,၅၀၀ ရှိပြီး ကား၊ ဂျက်လေယာဉ်သုံးဆီ အမျိုးအစားတွေ အပါအဝင် တခြားလောင်စာဆီတွေ တနှစ်ကို တန်ချိန် ၁၅ သန်း ထုတ်လုပ်ပါတယ်။
ယာရိုစလက်ဟာ မော်ရိုကိုမြို့ အနောက်မြောက်ဘက် မိုင် ၁၇၀ အကွာမှာရှိတဲ့ မြို့ဖြစ်ကာ ယူကရိန်းနယ်စပ်ကဆိုရင် မိုင်ပေါင်း ၄၃၀ ကွာဝေးပါတယ်။
ဒေသအာဏာပိုင်တွေက ရန်သူတွေရဲ့ အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်ပြီး ဒရုန်း ၉၂ စင်းကို ဖျက်ဆီးနိုင်ခဲ့ကာ ဒရုန်းအပျက်အစီးတွေကြောင့် အိမ် ၃ လုံး မီးလောင်ခဲ့ပါတယ်။
ရုရှားတနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ယူကရိန်းဒရုန်း ၆၀၅ စင်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်က ထုတ်ပြန်ထားပါတယ်။
ယူကရိန်းဟာ ပြီးခဲ့တဲ့အပတ်တွေက သိုလှောင်ရုံတွေ၊ ရုရှား ရေနံချက်စက်ရုံတွေ အပါအဝင် ရုရှားနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေကို စတင်တိုက်ခိုက်ခဲ့တာပါ။
ယူကရိန်းနိုင်ငံမှာတော့ ရုရှားဒရုန်းတစင်းရဲ့ တိုက်ခိုက်မှုကြောင့် လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေမှာ ရုရှားနဲ့ ယူကရိန်း အပြန်အလှန်တိုက်ခိုက်မှုတွေ ပိုပြီးပြုလုပ်လာသလို မနေ့က ယူကရိန်းဈေးသည်တယောက်ကို ရုရှားက ဒရုန်းနဲ့ အမဲလိုက်သလို တိုက်ခိုက်မှုတွေလည်း လုပ်ခဲ့ပါတယ်။










