
ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအဆင်ပြေစေဖို့ အိမ်ထောင်စု ၁ စုကို ၂ လစာ ထောက်ပံ့ငွေနဲ့ ဆန် ၁ ပြည်နှုန်း စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
ပုသိမ်ခရိုင်နဲ့ ဖျာပုံခရိုင်မှာ မေ ၁၄ ရက်က ဦးတင်မောင်ဝင်းနဲ့အဖွဲ့က စစ်ဘေးရှောင်တွေကို တအိမ်ထောင်ကို ၂ လစာ ထောက်ပံ့ငွေနဲ့အတူ ဆန် ၁ ပြည် ပေးခဲ့တယ်လို့ သာပေါင်းမြို့ခံက ပြောပါတယ်။
“စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာတွေအတွက် ဒီလကစပြီး ဖြေရှင်းပေးမယ်ပြောတယ်။ ထောက်ပံ့ကြေးလည်းရမယ်၊ ရိက္ခာဆန်လည်းရမယ်ပေါ့။ ဆန်အိတ်တွေသယ်လာပြီး ဓာတ်ပုံရိုက်တယ်။ ပြီးတော့ ဆန် ၁ ပြည်စီ ပေးတယ်။ ပိုတဲ့ဆန်အိတ်တွေ ပြန်သယ်သွားတယ်။”
ဘိုကလေးမြို့မှာလည်း စစ်ဘေးရှောင်အိမ်ထောင်စု ၉၆ စုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်တပ်က ထောက်ပံ့ကြေးငွေ ၂ လစာနဲ့အတူ ဆန် ၁ ပြည်စီ ပေးခဲ့တယ်လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
“ဘိုကလေးမှာ အရင်လက မပေးဘူး၊ အခုလမှစပေးတာ၊ ထောက်ပံ့ငွေ ၂ လစာ ၄၀,၀၀၀ ရော ဆန် ၁ ပြည်ရော တခါတည်းပေးတာ။ တကယ်ဆို ထောက်ပံ့ငွေ ၂ လစာဆို ဆန်က ၂ ပြည်ပေးရမှာ။”
စစ်ကောင်စီဩဇာခံ ဧရာဝတီတိုင်းအစိုးရအဖွဲ့က မေ ၁၅ ရက်မှာ ငပုတောနဲ့ ကျိုက်လတ်၊ မေ ၁၆ ရက်မှာ ကျုံပျော်၊ ကျောင်းကုန်းနဲ့ မေ ၁၇ ရက်မှာ ပန်းတနော်နဲ့ အိမ်မဲက စစ်ဘေးရှောင်တွေကို ထောက်ပံ့ငွေနဲ့ ဆန် ၁ ပြည်စီ ပေးသွားမှာဖြစ်တယ်လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။