
တိုက်စစ်မှူးဗာဒီဟာ လက်ကျန် ၂ ပွဲ ကစားအပြီးမှာ အသင်းကနေ ထွက်ခွာမယ်လို့ လက်စတာအသင်းက အတည်ပြု ထုတ်ပြန်ပါတယ်။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်မှာ ၈ ဂိုးသွင်း ၄ ကြိမ် ဂိုးဖန်တီးမှု လုပ်ဆောင်ခဲ့ပေမဲ့ အသင်းကို တန်းတင်ကျန်ရစ်အောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ ပွဲစဉ်တွေမကုန်ခင်မှာပဲ တန်းပြန်ဆင်းခဲ့ရတာပါ။
အခုတပတ်မှာ ကစားရမယ့် အစ်ဆွစ်နဲ့ အိမ်ကွင်းပွဲစဉ်က ဗာဒီအတွက် နောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်ကြောင်း လက်စတာအသင်းက ထုတ်ပြန်ပါတယ်။
၂၀၁၂ ခုနှစ်က အင်္ဂလန်အောက်တန်းလိဂ်ကလပ် ဖလက်ဝုဒ်ကနေ ပေါင် ၁ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ဗာဒီဟာ လက်စတာကို ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံဆုဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။
အစ်ဆွစ်နဲ့ပွဲစဉ်က ဗာဒီအတွက် ပြိုင်ပွဲစုံ ပွဲ ၅၀၀ ပြည့်မြောက်မယ့် ပွဲဖြစ်ပြီး လက်စတာအသင်းသမိုင်းတလျှောက် သွင်းဂိုး ၁၉၉ ဂိုးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားပါတယ်။
ဗာဒီအနေနဲ့ ကစားသမားဘ၀နေ အနားယူဖို့မရှိသေးဘဲ အမေရိကန်မေဂျာလိဂ်နဲ့ ဆော်ဒီကလပ်တွေဆီ ပြောင်းရွှေ့ နိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။